ရွှေ့ပြောင်းမြန်မာ အလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ လိမ်လည်မှုဖြစ်ပွား

ထိုင်း မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ပတ်စ်ပို့လုပ်ဖို့ ငွေအကြေသွင်းထားပြီးပေမယ့် ယနေ့တိုင် ပတ်စ်ပို့မရဘဲ ဒုက္ခရောက်နေတယ်လို့ စုံစမ်းသိရပါတယ်။

RJP လို့ခေါ်တဲ့ ပတ်စ်ပို့လုပ်ပေးတဲ့ ကုမ္ပဏီနဲ့ ပွဲစားကနေတဆင့် လုပ်ခဲ့ရာက လနဲ့ချီကြာခဲ့ပြီး ပတ်စ်ပို့လည်းမရ၊ ပွဲစားကိုလည်း ဆက်သွယ်မရဖြစ်ကာ အလုပ်လက်မဲ့ဘဝနဲ့ ဒုက္ခရောက်နေရတဲ့ အခြေအနေကို အလုပ်သမတစ်ဦးက အခုလိုပြောပါတယ်။

" ပတ်စ်ပို့ကျပြီဆိုပြီးတော့ ခေါ်ထားတယ်လေ။ သမီးတို့စက်ရုံထဲက ခွင့်တွေယူပြီး ထွက်ခဲ့တယ်။ တစ်ရက်တစ်ရက်နဲ့ စောင့်တာပေါ့။ စက်ရုံကိုလည်း ခွင့်တစ်ရက်ပြီး တစ်ရက်တင်တယ်။ ခွင့်များတဲ့အခါကြတော့ စက်ရုံက သမီးတို့တွေကို ပြန်ပြီး လက်သင့်မခံတော့ဘူးပေါ့နော်။ ဒီနေ့ဆို နှစ်ဆယ့်နဲ့ ငါးရက်ရှိသွားပြီ။ ပတ်စ်ပို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒုက္ခရောက်နေတဲ့ သူတွေကတော့ အများကြီးပဲ။ သမီးတို့ လက်ရှိက (၁၅) ဦးလောက်ရှိတယ်"

မဲဆောက်မြို့ မယ်ကုနဲ့ မယ်တောင်ကြားရှိ အရုပ်စက်ရုံက အလုပ်သမားတွေ အပါအဝင် (၁၅) ဦးအဖွဲ့ဟာ ဧပြီလဆန်းပိုင်းက RJP ကုမ္ပဏီက လူပွဲစား ကိုအာကာဆိုသူထံ ပတ်စ်ပို့လုပ်ဖို့ ဘတ်ငွေ (၅၂၀၀) ပေးခဲ့ပြီးသူတွေ ဖြစ်ပါတယ်။

မဲဆောက်မြို့ မယ်ပအရပ်မှာရှိတဲ့ ယူနီအိုးရှင်း အထည်ချုပ်စက်ရုံက အလုပ်သမားတွေလည်း ကိုအာကာထံ ဘတ်ငွေ (၅၅၀၀) ပေးပြီး လုပ်ခိုင်းခဲ့ပေမယ့် ခုချိန်ထိ ပတ်စ်ပို့မရရှိသေးကြောင်း အလုပ်သမားတစ်ဦးက အခုလို ပြောပါတယ်။

" ကျွန်တော်တို့အုပ်စု လူ (၇) ယောက် (၈) ယောက်လောက်ရှိတယ်။ သုံးလပိုင်းကုန်မှ ရမယ်တဲ့၊ ၁၁လပိုင်း ၂၅ ရက်နေ့က တင်လိုက်ရော (၁၁) လပိုင်း ကုန်လည်းကုန်သွားပြီးရော၊ တခါ ကဒ်လေးပေးတယ်။ RJP ဆိုတဲ့ကဒ်နဲ့ လုပ်ပေးတဲ့သူနာမည်က အာကာ။ ဟိုနေ့ခေါ်မယ်၊ ဒီနေ့ခေါ်မယ်နဲ့"

RJP ပတ်စ်ပို့လုပ်တဲ့ကုမ္ပဏီကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာတော့ လူရှာပွဲစားက ငွေမသွင်းခဲ့လို့ သူတို့ ကုမ္ပဏီတစ်ခုတည်းကတင် ပတ်စ်ပို့လုပ်ဖို့ ဖောင်တင်ထားတဲ့ မဲဆောက်က အလုပ်သမားပေါင်း တစ်ရာကျော်ကို ပယ်လိုက်တယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

မဲဆောက်ဒေသတွင်းမှာ ထိုင်းနဲ့ မြန်မာအစိုးရ အသိအမှတ်ပြု ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့လုပ်ပေးနေတဲ့ ကုမ္ပဏီ အနည်းဆုံး (၅) ခုလောက်ရှိနေပြီး အဲဒီကုမ္ပဏီ နာမည်တွေသုံးကာ ပတ်စ်ပို့ပွဲစားတွေက မြန်မာအလုပ်သမားတွေထံက ငွေယူကာ လိမ်လည်မှုတွေ ဖြစ်ပွားနေတဲ့အတွက် နှစ်နိုင်ငံအစိုးရအနေနဲ့ ထိထိရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောဆိုပါတယ်။