ကျွန်းလှမြို့တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေ လာမကောက်သေး

2022.01.13
ကျွန်းလှမြို့တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေ လာမကောက်သေး စစ်ကိုင်းတိုင်း၊ အထူးတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: Sagaing Region Defense Forces

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဇန်နဝါရီလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က သေဆုံးသွားတဲ့သုံးဦးရဲ့ အလောင်းတွေကို ဒီနေ့အထိ လာမကောက်သေးဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

ကျွန်းလှမြို့ဘက်ကို စစ်ကြောင်းထိုးလာချိန် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တစ်နာရီကျော် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ကျွန်းလှမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကပြောပါတယ်။

"ထိပ်တိုက်ဖြစ်ကြတာ၊ စစ်သားတွေဘက်က ဒဏ်ရာရသူလည်း များတယ်၊ သေဆုံးနေတဲ့ အလောင်းတွေ ကို ဒီမနက်ထိ လာမကောက်သေးဘူး၊ ဆိတ်ဖူးရွာက ဒေသခံ ၁၄ ယောက်လောက်ကိုလည်း ဓားစာခံ အနေနဲ့ ဖမ်းခေါ်ထားလို့ ဘယ်လိုမှ ပစ်လို့မရသေးဘူးဖြစ်နေတာ၊ ဒီမနက်အခြေအနေကလည်း နှစ်ဘက်စလုံး စောင့်ကြည့်နေတဲ့ သဘောပဲ၊ သူတို့ဘက်ကစရင်တော့ ဒီဘက်ကလည်း ပြန်ပစ်ဖို့ ပြင်ထားတယ်"

တိုက်ပွဲတွေကြောင့် ဆိတ်ဖူးနဲ့ ဆည်ရွာတောရွာက ဒေသခံ ၁၀၀၀ ၀န်းကျင်ခန့်ဟာ ရွာထဲမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ သွားရောက် ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက် ဆည်ရွာတောရွာမှာ တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ ဦးဆောင်ပြီး ကျွန်းလှမြို့က CDM ပြုလုပ်ထားသူတွေရဲ့ နေအိမ် ငါးလုံးထက်မနည်းကို ချိတ်ပိတ်ခဲ့သလို ပုဒ်မ - ၅၀၅ (က) နဲ့ဖမ်းဆီးမယ်ဆိုတဲ့ စာတွေလည်း ချိတ်ဆွဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှမြို့နယ်ဟာ စစ်အာဏာရှင်ကို အပြင်းအထန်ခုခံတော်လှန်နေတဲ့ မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ် ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။