အင်းတော်မှာ စစ်ရဟတ်ယာဉ်နဲ့တိုက်ခိုက်မှု အရပ်သား ငါးဦးသေ၊ ငါးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင် အင်းတော်မြို့နယ် ဂဲဟယ်ရွာကို ဇန်နဝါရီ ၄ ရက်နေ့က စစ်ကောင်စီ တပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ချိန် မောင်နှမလေးယောက်နဲ့ ကလေးတစ်ဦး စုစုပေါင်း ငါးဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

သေဆုံးသူတွေရဲ့မိဘတွေလည်း ဒီနေ့အထိ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေး တိမ်းရှောင် နေရတဲ့ ဂဲဟယ်ရွာသားတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးတွေ ဘယ်တုန်းကမှ ပစ်တာလည်းမရှိဘူး။ လေယာဉ်က သူ့ဟာနဲ့သူ ဝုန်းတိုင်းဝင်ပြီးတော့ လာပစ်သွားတာ။ ရွာက အေးချမ်းတယ်။ အေးချမ်းတဲ့နေရာလာပြီး အကြောင်းမဲ့ လာပစ်သွားတာ။ ခါတိုင်းဆို လေယာဉ်လာရင် ထွက်ကြည့်တာလောက်ပဲရှိတာ။ အခုက အဲလိုကြည့်နေရင်း ဗုံးလက်နက်တွေ ကျခဲ့တဲ့ အခါကျတော့ မီးလောင်တဲ့အိမ်ကိုကျ နှစ်လုံးကျတယ်။ သေသွားတဲ့အိမ်က နှစ်လုံးကျတယ်။ ကျွန်တော်တို့ခြံမှာလည်း တစ်လုံးကျတယ်။ အားလုံး ခြောက်လုံးကျတယ်။ တစ်စင်းက ဗုံးချတယ်။ တစ်စင်းက စက်သေနတ်နဲ့ပစ်တယ်။ စက်သေနတ်နဲ့ပစ်တာကလည်း ရေတွက်လို့မရတဲ့ ဇကာပေါက်တွေ ဖြစ်သွားတာ များတယ်။ မောင်နှမအရင်း လေးယောက် ဆုံးသွားတယ်။ မိန်းကလေး သုံးယောက်၊ ယောက်ျားလေး တစ်ယောက်၊ အလယ်က တစ်ယောက်ပဲ ကျန်တာ။ ကျန်ခဲ့တဲ့ မိဘတွေကိုလည်း အခု ထိန်းနေရတုန်းပဲ။ ထမင်းလည်း မစားဘူး။ အခုသူတို့လည်း တောမှာပဲ"

အခြားအိမ်က ကလေးတစ်ယောက်ကတော့ မီးလောင်တဲ့အထဲ ပါသွားတာဖြစ်ပြီး နောက်ထပ် ရွာသား ငါးဦး လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဂဲဟယ်ရွာဟာ အိမ်ခြေ ၇၀ ရှိပြီး အားလုံး တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အလားတူ ဂဲဟယ်ရွာနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျော်ရွာ၊ နန်းနောင် ရွာဘက်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံ ၈၀၀ လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလည်း စစ်ကိုင်းတိုင်း အရှေ့ဘက် မိုင် ၄၀ ဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ တိုက်ခိုက်ဖို့ ရှိတယ်လို့ သတင်းတွေထွက်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။