မတူပီမြို့ပေါ်လာသူတွေကို ထောက်ခံစာပါ မပါ စစ်ကောင်စီ စစ်ဆေးနေ
ချင်းပြည်နယ် မတူပီမြို့ဝင်ဂိတ်တွေမှာ မေလ ၉ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွားလာ သူတွေကို ကျေးရွာအုပ်ချုပ်ရေးမှုး ထောက်ခံစာတွေ စစ်ဆေးပြီး ထောက်ခံစာမပါတဲ့သူတွေကို သွားလာခွင့် မပြုဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်နဲ့ ဟားခါးမြို့မှာ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့ ဒီရက်ပိုင်းတွေ မှာ ပစ်ခတ်တာတွေရှိပြီးနောက် ခုလိုစစ်ဆေးတာတွေ တင်းကျပ်လာတယ်လို့ ဆိုပါတယ်။
‘’အရင်ကတော့ ဒီတိုင်းပဲ အဝင်ထွက်လုပ်လို့ရတယ်။ စစ်တာတွေတော့ရှိတယ်။ ဒါပေမဲ့ မှတ်ပုံတင်တော့ မစစ်သေးဘူး။ ဧပြီလ ၁၅ ရက်ကနေစပြီး မှတ်ပုံတင်တွေစစ်တယ်။ အဲဒီချန်ကစပြီး တော်တော်လေး တင်းကျပ်သွားတာ။ ထောက်ခံစာနဲ့ လုပ်တာမကြာသေးဘူး။ မေလ ၉ ရက်နေ့ မနေ့ကနေပဲ စပြီးတော့ ကျေးရွာထောက်ခံစာပါမှ သွားခိုင်းတယ်။’’ လို့ ခရီသွားသူတစ်ဦးက RFA ကိုပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေကို မတူပီမြို့ကနေ ပလက်ဝ၊ မင်းတပ်နဲ့ ဟားခါးမြို့တွေ သွားရာလမ်းတွေမှာ စစ်ကောင်စီတပ်တွေက နေရာယူစစ်ဆေးနေတယ်လို့ ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မတူပီမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၈ ယောက်ရှိပြီး လက်ရှိအဖမ်းခံရသူ ငါးယောက်ရှိတယ်လို့ သိရပါတယ်။









