လက်ခတ်တောင်စခန်းမှာ တစ်လနီးပါးကြာတဲ့အထိ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေ သြဂုတ်လ ၁၅ ရက် အထိ တိုက်ပွဲပြင်းထန်နေပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မနက် ၃ နာရီလောက်ကစပြီး ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေလုံခြုံရေးယူထားတဲ့ လက်ခတ်တောင် အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် စုစုပေါင်း ၁၅ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Cobra Column တပ်ခွဲ - ၃ က လူမှုစာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ ဩဂုတ်လ ၁၃ ရက်အထိ KNLA ပူးပေါင်းတပ်က တစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်ဘက်က ၁၇ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်က ဒီတိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကလည်း လုံခြုံရေးကိစ္စတွေကို သူမသိဘူးလို့ RFA ကို ပြောပါတယ်။

KNU လက်အောက်ခံ ပူးပေါင်းတပ်တွေဟာ စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီရဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှာ သိမ်းယူခဲ့တာပါ။ စစ်ကောင်စီက အဲဒီစခန်းပြန်ရဖို့ ထိုးစစ်ဆင်နေတာ တစ်လနီးပါးရှိနေပါပြီ။

သြဂုတ်လ ၁၅ ရက်အထိ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ -၂၇၅) ဟာ လက်ခတ်တောင်ခြေရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတဲ့အတွက် တောင်ပေါ်က ဘုရားစေတီတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU တပ်တွေနဲ့ ပူးပေါင်းပါဝင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

လက်ခတ်တောင်တိုက်ပွဲကြောင့် အနီးအနားရွာတွေဖြစ်တဲ့ မေတ္တာလင်းမြိုင်ရွာ၊ ကျောက်လုံးကြီးရပ်ကွက်က ဒေသခံ ၅၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ခြောက်သိန်းနီးပါးရှိလာပါတယ်။