ရွှေကျင်က စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေသိမ်းပိုက်

RFA Burmese
2024.09.01
ရွှေကျင်က စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေသိမ်းပိုက် ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာ စစ်စခန်းအား PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်အပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က NUG မှ ထုတ်ပြန်ခဲ့စဉ်။
Ministry of Defence - National Unity Government of Myanmar Photo

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ကုန်းမြင့်သာယာ ရှေ့တန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ်လ ၃၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က အရာရှိတစ်ဦး အပါအဝင် ငါးဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများနဲ့ ဆန်အိတ် လေးရာခန့်ကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

ဒါဟာ အရင်က စစ်ကောင်စီတပ် အခြေချတပ်စွဲထားတဲ့ ဘောကထာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် ဆုတ်ထွက်ထွက်ပြေးပြီး ကုန်းမြင့်သာယာရွာမှာ အရှေ့တန်းစခန်း ပြုလုပ်တပ်စွဲထားချိန်မှာ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ KNU က တပ်မဟာ (၁၊ ၃၊ ၅) သုံးခုပေါင်းပြီး ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ပွဲဖော်ဖို့ ကြိုးပမ်းနေတယ်လို့ သြဂုတ်လ ၅ ရက်နေ့မှာ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနဲ့ ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်အတိုင်း စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။