အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားတဲ့အမှုတွေကို မြန်မြန်စစ်ဖို့ စစ်ကောင်စီ ညွှန်ကြားထား

မေစိုး(ဝါရှင်တန် ဒီစီ)
2021-03-19
Share

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားရုံး အသီးသီးတို့မှာ စွဲဆိုခံနေကြရတဲ့ အမှုတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်လောက်ကစပြီး တစ်ပတ်ကို ရုံးချိန်း နှစ်ချိန်းစီနဲ့ စစ်ဆေးနေတယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နှစ်နှစ်နီးပါးကြာ ဖမ်းဆီးခံထားရပြီးတရားစွဲခံနေရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ရွာသား ၂၂ ဦးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ် မင်းက အခုလို မြန်မြန်ဆန်ဆန်စစ်ဆေးနေတာတွေဟာ နိုင်ငံတော်စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့်ဖြစ် တယ်လို့ ပြောပါတယ်။

“နိုင်ငံတော်ကောင်စီကနေပြီးတော့ အမှုတွေကို မြန်မြန်ဆန်ဆန်စစ်ဆေးဖို့အတွက် ညွှန်ကြားထားတာ ရှိတယ်ပေ့ါနော်။ အမျိုးသားရင့်ကြားစေ့ ကာလဖြစ်တဲ့အတွက် အကြမ်းဖက်အမှုတွေနဲ့ ပတ်သက်ပြီးတော့ မြန်မြန်ဆန်ဆန် စစ်ဆေးပါဆိုပြီးတော့ ညွှန်ကြားထားတာရှိတယ်။ ဒါပေမဲ့ ကျွန်တော့်မှာကျတော့ အမှုက ဆုံးဖြတ်ဖို့ အချိန်ရောက်နေပြီပေ့ါနော်။ ဆုံးဖြတ်ဖို့ကကျတော့ ခဏစောင့်ဆိုင်းနေရတဲ့ အနေအထား ကျတော့ မြန်ဖို့လုပ်တာ ကြာနေတဲ့ အနေအထားမျိုးရှိတယ်ပေ့ါနော်”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီးတော့ အပစ် အခတ်တွေ ရပ်စဲခဲ့ပြီးနောက် နိုင်ငံတော်စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ က ရက္ခိုင့်တပ်တော် (AA)ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားရာကနေ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံနေရတဲ့ အမှုတွေကို တစ်ပတ်မှာ နှစ်ကြိမ်အထိ စစ်ဆေးနေ ကြရတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်း (ခေါ်) ဦးငြိမ်းချမ်းက ပြောပါတယ်။

“ကျွန်တော်တို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမှုတွေထဲမှာတော့ အရင်တုန်းကဆိုရင် ပုံမှန်ရုံးချိန်းတွေ ပေးတယ်ပေါ့။ တစ်ပတ်တစ်ကြိမ်ဖြစ်ဖြစ်၊ နှစ်ပတ်တစ်ကြိမ်ဖြစ်ဖြစ် ရုံးချိန်းရွှေ့ဆိုင်းပြီးတော့ အမှု ရင်ဆိုင်တာတွေရှိတယ်။ အခုကတော့ တစ်ပတ်တည်းမှာပဲ ရုံးချိန်းနှစ်ချိန်ချိန်းပြီးတော့ နှစ်ကြိမ်လောက် စစ်ဆေးတာကို တွေ့ရတယ်ဗျ။ ဥပဒေအရတော့ အေအေကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ပျက်လိုက်ပြီ ဆိုပေမယ့် အဲဒါက တပိုင်းပေါ့နော်။ နောက်ပြီး တရားစွဲဆိုခံနေရတာက တပိုင်းပေါ့။ ဒါပေမဲ့ အခုလက်ရှိ အနေအထားအရ အမှုတွေကို မြန်မြန်စစ်ဆေးတာ တွေ့လာရတဲ့အနေအထားမှာ ဒါဟာပုံမှန်တော့ မဟုတ်ဘူး။ တစ်ခါတစ်စုံတစ်ရာကြောင့် ပြောင်းလွှဲမှုတစ်ခုလားလို့ ကျွန်တော်တို့ကတော့ တွေးထား တယ်ပေါ့”

တရားရုံးအရာရှိ အသိုင်းအဝိုင်းကတော့ အကြမ်းဖက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုတွေကို မြန်မြန်ဆန်ဆန် စစ်ဆေးဖို့အတွက် လွန်ခဲ့တဲ့ အချိန်သုံးပတ်လောက်ကပင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကနေ ပြည်နယ်တရားလွှတ်တော်ရုံးကို ညွှန်ကြားလာတာလို့ ဆိုပါတယ်။

အဲဒီညွှန်ကြားချက်ကိုပဲ အောက်တရားရုံးတွေကို ထပ်ဆင့်ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေအကြားမှာလည်း ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ရုပ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် အေအေနဲ့ ဆက်နွယ်ပြီး အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ခံထားရတာတွေကို ပြန်လည်ရုပ်သိမ်းဖို့ မျှော်လင့်နေကြပါတယ်။

ယခင်ကပင် စွဲဆိုခံရတဲ့ အမှုတွေအပေါ် ဥပဒေအရ နောက်ကြောင်းပြန်သက်ရောက်နိုင်ခြင်း မရှိပေမယ့် အခုလို အမှုတွေကို မြန်မြန်ဆန်ဆန် စစ်ဆေးနေတာတွေဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်ပဲလို့ ရှေ့နေတွေက ပြောပါတယ်။

အမျိုးသားဖြစ်သူ ဦးခင်မောင်စိုး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံနေရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ဒေါ်သိန်းမယဉ်ကတော့ သူ့အမျိုးသားနဲ့အတူ ဖမ်းဆီးတရားစွဲဆိုခံနေကြရသူ အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ကြောင်း ပြောပါတယ်။

“ကျွန်မတို့ယောကျာ်းတွေက အပြစ်လည်းမရှိပါဘူး။ ရွာသားတွေအားလုံးကို အမြန်ဆုံးလွှတ်ပေးစေ ချင်ပါတယ်။ ကျွန်မတို့မှာ လာဖို့လည်း ပိုက်ဆံမရှိတော့ဘူး။ အားလုံးကုန်နေပြီ။ အဲဒါကြောင့် အမြန်ဆုံး လွှတ်ပေးပါလို့။ ဒီကိုလည်း နောက်ထပ်မလာနိုင်တော့ဘူး။ ၁၉ ရက်နေ့ရုံးချိန်းကိုလည်း ကျွန်မတို့ မလာနိုင်တော့ဘူး။ ကျွန်မတို့ ဒီတစ်ခေါက်နောက်ဆုံးပါပဲ။ ခရီးစရိတ်လည်း မရှိတော့ဘူး။ ဝတ်စရာလည်း မရှိတော့ဘူး။ စားစရာလည်း မရှိတော့ဘူး။ နေစရာလည်း ကျွန်မတို့မှာ မရှိတော့ပါဘူး"

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက အကြမ်းဖက်မှု ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဦးညီညီအောင်ရဲ့အစ်မဖြစ်သူ ဒေါ်သန်းသန်းဌေးကလည်း သူတို့ကို အမြန်ဆုံး လွှတ်ပေးဖို့တောင်းဆိုပါတယ်။

“အပြစ်မရှိပဲ ဖမ်းသွားတဲ့ ကျွန်မမောင်ကိုပြန်လွှတ်စေချင်ပါတယ်။ သူက ဘာမှသိတာမဟုတ်ဘူး။ ကိုယ်ဟာနဲ့ကိုယ် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာပါ။ အဲဒါကနေ စစ်သားတွေ ဖမ်းသားတာ။ အမှန်တကယ်လို့ရင်တော့ အဖမ်းခံလည်းခံရပါစေ။ အခုက အပြစ်မရှိပဲ ဖမ်းသွားတာ။ အခု သူတို့ကို ပြန်လွှတ်စေချင်ပါတယ်။ လွှတ်ရင်ပြီးပါပြီ။ ဘယ်သူ့ကိုမှလည်း မပြစ်မပြောတော့ပါဘူး။ ဝဋ်ကြွေးပါလို့ ခံရတယ်လို့ပဲ သဘောထားလိုက်ပါတော့မယ်”

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းသန်းကတော့ အကြမ်းတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးတရားစွဲခံနေရသူတွေကို ပြန်လွှတ်၊ မလွှတ်ဆိုတာကို သူ့အနေနဲ့သေချာမသိသလို ဒါဟာတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က RFA ကို ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အချိန် ၂ နှစ်ကျော်လောက်ကပင် ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြို့နယ်တရားရုံးအသီးသီးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရ သူပေါင်း ၃၀၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံ ရှေ့နေတွေက ခန့်မှန်းပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့