ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ Chinland Defense Force - CDF မင်းတပ်တို့ အပစ်ရပ်ထားဖို့ ညှိနှိုင်းမရတာကြောင့် ဒီနေ့ ဇူလိုင် ၂၁ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြန်ဖြစ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်မဖော်လိုသူ တစ်ယောက်က RFA ကို ပြောပါတယ်။
“ဒီစစ်ပွဲကတော့ အဓိကက ညှိနှိုင်းရေး အဆင်မပြေတာပေါ့နော်။ ကျွန်တော်တို့ဘက်က တောင်းဆိုတဲ့ ဟာနဲ့ သူတို့ဘက်က တောင်းဆိုတာနဲ့က လုံးဝအံဝင်ခွင်ကျမဖြစ်တော့ ညှိနှိုင်းရေးကို ကျွန်တော်တို့ မလုပ်တော့တာ”
စစ်ကောင်စီနဲ့ ဘယ်အချက်တွေကို ညှိနှိုင်းလို့ မရခဲ့ဘူးဆိုတာကိုတော့ ထုတ်ပြောပြလို့ မရပေမယ့် စစ်ကောင် စီဘက်က စစ်ကား ၆ စီး မီးရှို့ခံရမှုကနေ CDF မှာ လက်နက်တွေရှိနေတယ်လို့ ထင်နေတာမျိုးရှိတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်မဖော်လိုသူက ဆိုပါတယ်။
ဇူလိုင် ၂၀ ရက်မနေ့က မနက်ပိုင်းကစလို့ စစ်ကောင်စီကားတွေဟာ ရွှေတောင်သာဘက်ကနေ CDF မင်းတပ် နယ်မြေဘက်ကို တက်လာပြီး ဒီနေ့ ဇူလိုင် ၂၁ ရက် မနက် ၆ နာရီ ၄၅ မိနစ်ကနေ ၈ နာရီဝန်းကျင်အထိ ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်နားက ရွှေတွင်းတူးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။
ဒီမနက်တိုက်ပွဲမှာတော့ CDF မင်းတပ်ဘက်က အထိခိုက်၊ သေဆုံးမှုမရှိဘဲ စစ်ကောင်စီဘက်ကတော့ ထိခိုက်၊ သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးသူ အရေအတွက် အတိအကျကိုတော့ မသိနိုင်သေးပါဘူး။
ဒီနေ့ ဇူလိုင် ၂၁ ရက်၊ နေ့လည်ပိုင်း ၁၂ နာရီခွဲဝန်းကျင်ကနေ ၂ နာရီ အချိန်အထိလည်း မင်းတပ်မြို့နယ်ရဲ့ မိုင် ၃၀ အကွာရွာအနီးမှာ စစ်ကောင်စီနဲ့ CDF မင်းတပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
အဲဒီရွာက ရွာသား ၂၀၀ လောက်ဟာလည်း တိုက်ပွဲကြောင့် တိမ်းရှောင်နေရပြီး အနီးပတ်ဝန်းကျင်က ရွာတွေမှာလည်း တိမ်းရှောင်ရသူတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ CDF မင်းတပ်တို့ဟာ ဇွန်လ ၂၃ ရက်နေ့တုန်းက မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ လက်နက်ကိုင် မစောင့်ကြပ်ဖို့၊ CDM ဝန်ထမ်းတွေကို ဖိအားပေး အလုပ်မဝင်ခိုင်းဖို့၊ ပြည်သူလူထုကို မခြိမ်းခြောက်ဖို့၊ ကျောက်ထု-မင်းတပ်-မတူပီ လမ်းကြောင်းက လမ်းသွားလမ်းလာတွေကို မနှောင့်ယှက်ဖို့၊ ရိက္ခာသယ်ခွင့်ပြုဖို့ စတဲ့ အချက် ၅ ချက်ပါဝင်တဲ့ သဘောတူညီချက်တွေကို ညှိနှိုင်းနိုင်ခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် ဇူလိုင်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး ထပ်မံညှိနှိုင်းသွားမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီး ဇူလိုင် ၂၁ ရက်နေ့ ဒီနေ့မှာတော့ မင်းတပ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာဖြစ်ပါတယ်။