ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့်ပေးရေး အစီအစဉ်ကို လမ်းဖွင့်ထားတယ်လို့ စစ်ကောင်စီက ပြောဆိုခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ဩဂုတ်လ ၁၈ ရက် မနေ့က ပြောပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလ အထူးကိုယ်စားလှယ် Noeleen Heyzer တို့ တွေ့ဆုံခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စိတ်ကျန်းမာရေးအတွက် ကာကွယ်စောင့်ရှောက် ရေးတွေကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း ကုလသမဂ္ဂရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံဟာ သူရဲ့ ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက် ရှိလာခဲ့တာဖြစ်ပြီး နိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပြီး တွေ့ဆုံခွင့်ရဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့ တဲ့အကြောင်း ကုလသမဂ္ဂ ပြောကြားချက်ကို ကိုးကားပြီး The Washington Post က ရေးသားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Noeleen Heyzer ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး Farhan Haq က တခြား ထူးထူးခြားခြား ပြောကြားသွားတာ မရှိတာကြောင့် တိုးတက်မှုမရှိသလောက်ဖြစ်တယ်လို့ The Washington Post က ဖော်ပြပါတယ်။
အထူးသံ Noeleen Heyzer ဟာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ထုတ်ပြန် ချက်ထဲမှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှု အခြေအနေဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး လူမှုဘဝနေထိုင်မှု သိသာထင်ရှားတဲ့ အပြောင်းအလဲအပေါ်မှာ မူတည်တယ်လို့ ပြောဆို ထားပါတယ်။