စစ်ကောင်စီကို အလုံးစုံဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ ငွေကြေးစီးဆင်းမှု ဖြတ်တောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ကပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတက်ရောက်ခဲ့သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ Permanent Mission of Myanmar to the United Nations Photo

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ ငွေကြေးစီးဆင်းမှု အပါအဝင် လက်နက်ခဲယမ်း၊ လေယာဉ်ဆီ စတာတွေကို ဖြတ်တောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ လုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေးမှာ အခုလို တိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံတကာက အရေးယူမှု ပျက်ကွက်နေတာကြောင့် အာဏာသိမ်းသက်တမ်းရှည်ကြာပြီး ရာဇဝတ်မှုတွေကို ကျူးလွန်ခွင့်ရနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာ့အရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပြီး စစ်ကောင်စီကို လုံခြုံရေးကောင်စီက ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့လည်း သူက ပြောပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာပြည်သူတွေ အထူးလိုအပ်နေတာက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လက်ငင်း၊ တိကျပြက်သားတဲ့ အရေးယူဆောင်ရွက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ် ဇူလိုင်လထဲမှာပဲ စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB)၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နဲ့ ဘဏ္ဍာငွေအရင်းအမြစ်ရရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၂၄၀ ကလည်း တောင်းဆိုထားပါတယ်။

နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီနောက် စစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့အတွက် MEB နဲ့ MADB ဘဏ်နှစ်ခုကို ပြောင်းလဲအသုံးပြုနိုင်ချေရှိတယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org