ကရင်ပြည်နယ်မှာ တပ်မတော်က လက်နက်ကြီး ပစ်တာကြောင့် ဒေသခံ ၃၀၀ ထွက်ပြေးတိမ်းရှောင်

အောင်သိင်္ခ
2020.02.18

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ KNU တိုက်ပွဲတွေကြောင့် ဖာပွန်ခရိုင်ဒေသခံ ရာနဲ့ချီ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာဒိုမူးက ပြောလိုက်ပါတယ်။

KNU အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားပေမယ့် KNU ထိန်းချုပ်နယ်မြေတွေကို တပ်မတော်က ဖေဖော်ဝါရီလ ပထမအပတ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးကြတာ ၃၀၀ ကျော်လောက်ရှိတယ်လို့ KNU အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

"လက်နက်ကြီးတွေနဲ့ စိတ်ထင်တဲ့နေရာ လျှောက်ပစ်တဲ့အခါကျတော့ လူထုတွေလည်း ကြောက်လန့်ပြီးတော့ ချောင်းကြို ချောင်းကြား ပြေးသွားတာပေါ့ဗျာ၊ နှစ်ခါပြန် သုံးခါပြန်မကတော့ဘူး၊ အပစ်အခတ်ရပ်စဲရေးမှာ ထပ်ပြေးရပြန်ရော၊ တချို့နေရာမှာလည်း တောင်ယာတွေ မီးလိုက်ရှို့တယ်လေ၊ ဒါတွေကို ကျတော်တို့ ဖြတ်လေးဖြတ်ကာလက ပုံစံတွေပေါ့"

ဖာပွန်ခရိုင်ထဲကို လက်နက်ကြီးတွေနဲ့ အလုံးရေ ၁၀၀ ကျော်လောက်နဲ့ ပစ်ခတ်တဲ့အတွက် တပ်မတော် မရောက်နိုင်တဲ့ တော်တောင်တွေထဲကို ထွက်ပြေးသွားကြတယ်လို့ ရိက္ခာပြတ်လပ်မှုတွေကြုံတွေ့နိုင်တယ်လို့ ဖဒိုစောတာဒိုမူးက ပြောပါတယ်။

KNU လက်အောက်ခံ တပ်မဟာ ခုနှစ်ခုရှိတဲ့ထဲက တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ ဒေသတွေမှာ တပ်မတော်ရဲ့ လမ်းဖောက်လုပ်ငန်း ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း KNU တပ်စခန်းရှိတဲ့ နေရာတွေကို တပ်မတော်က ဒရုန်းနဲ့ ထောက်လှမ်းမှုတွေ ပြုလုပ်တဲ့အတွက် တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ကျေးရွာတွေက တောင်ယာစိုက်ပျိုးရေးခြံ ၄၀ ကျော်ကို တပ်မတော်က မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်လို့ ပြောပါ တယ်။ တပ်မတော်အနေနဲ့ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားတာ မှန်ကန်ပြီး တောင်ယာတွေမီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"သူတို့ဘက်ကပဲ ပစ်ခတ်တာရှိတာ ၁၅ ရက်နေ့က တစ်ကြိမ်ရှိတယ်၊ မနေ့ကဆိုရင် ညောင်ပင်ကုန်းကြားထဲ ဆက်သွယ်ရေးလမ်းပေါ်မှာ ရွာတွေနဲ့လည်းမနီးပါဘူး ကျတော်တို့ဆီက တစ်ယောက်မိုင်းထိတာရှိတယ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတို့ မီးရှို့တာတွေတော့ ကျတော်ပြောရဲပါတယ် လုံးဝမရှိပါဘူး၊ တိုက်ပွဲဖြစ်တဲ့အခါ လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာလည်း ရှိနိုင်တယ်၊ လာပစ်တဲ့နေရာကိုပဲ ပစ်တာရှိတယ်"

ဇန်နဝါရီကုန်ပိုင်းကလည်း KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နဲ့ ဖာပွန်မြို့အကြားမှာ စကခ ၄ လက်အောက်ခံ ခမရ ၇၀၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ယောက် ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ကျဆုံးခဲ့ရပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်ရဲ့ ရိက္ခာသယ်ဆောင်ဖို့ လမ်းဖောက်လုပ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ KNU တို့ ပြီးခဲ့တဲ့နှစ်ကတည်းက ပဋိပက္ခဖြစ်ပွားနေတာပါ။

ကရင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး နှစ်ဘက်တပ်တွေ အနေနဲ့ သဘောထား ပျော့ပျောင်းဖို့လိုတယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

"လောလောဆယ်မှာတော့ နှစ်ဘက်စလုံးက မလျှော့ကြဘူးထင်ပါတယ်၊ အဓိကကတော့ လမ်းဖောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မလျှော့တဲ့အချိန်မှာ တိုက်ပွဲတွေ ဖြစ်ပွားတယ်၊ တစ်ဘက်ကလည်း တပ်ရင်းမှူး တစ်ယောက်ကျတယ်၊ တစ်ဘက်ကလည်း လက်နက်ကြီးနဲ့ တစ်ပတ်လောက် ဆက်တိုက်ပစ်တယ်၊ အဲဒီနေရာမှာ IDP တွေလည်း ရာနဲ့ချီပြီး ဖြစ်လာတယ် ပြောတယ်၊ NCA ကိုကျင့်သုံးတဲ့လူတွေရဲ့ ကိုင်တွယ်ပုံတွေဟာ ပျော့ပျောင်းဖို့လိုအပ်တယ်လို့ပဲ ထင်ပါတယ်"

မနက်ဖြန်မှာ တပ်မတော် တာဝန်ရှိသူတွေနဲ့ KNU အဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။