နိုင်ငံရေးမှာ တပ်မပါဖို့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားပြီး သမ္မတပြော

ဝေမာထွန်း
2020.02.13

နိုင်ငံစည်းလုံးညီညွတ်ဖို့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပါတီလုပ်ငန်းတွေမှာ တပ်မတော်နဲ့ တပ်မတော်သားတွေ မပါဝင်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက စည်းကမ်းချမှတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြောလိုက် ပါတယ်။

“ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ စွက်ဖက်ခြင်း ပြုလိမ့်မည်မဟုတ် ဗမာလွတ်လပ်ရေးတပ်မတော်ဗိုလ်များနဲ့ တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စများနှင့် စပ်လျဉ်းပြီး ပါဝင်စွက်ဖက်ခြင်း အလျဉ်းမရှိစေရ။ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး ဆောင်ရန် ရှောင်ရန်ကိုလည်း လမ်းညွှန်ခဲ့ကြောင်း နိုင်ငံရေး ဂန္တဝင်စာအုပ်မှာ လေ့လာတွေ့ရှိရပါတယ်။”

နေပြည်တော်၊  သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားမှာ သမ္မတက  ပြောခဲ့ တာပါ။

ဒီအခမ်းအနားကို တပ်မတော်ဘက်က  နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးလည်း တက်ရောက်ခဲ့ပါတယ်။

တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတာဟာ အခြေအနေအရ အချိန်ကာလအတိုင်းအတာတစ်ခုအထိပဲ ဖြစ်မှာပါလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။

“တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မှုတွေဟာ ခေတ်ကာလအခြေအနေအရပဲဖြစ်မယ်လို့ တပ်မတော် ခေါင်းဆောင်တွေလည်း ခဏခဏပြောနေတာပဲ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်နေရတာဟာ အချိန် အတိုင်းအတာတစ်ခုအထိပဲ ဖြစ်လိမ့်မယ်။ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုတွေရှိလာရင် နိုင်ငံရေးဆောင်ရွက် မှုတွေကို လျော့ချပြီးဆောင်ရွက်သွားမယ်။”


ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ဖခင်ဖြစ်ပြီး တပ်မတော်ဌာနချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ ဗိုလ်ချုပ်ပုံကို ယနေ့တိုင်ချိတ်ဆွဲထားတုန်းပဲလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

တပ်မတော်ဟာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း၊ တစ်ပါတီတည်းအတွက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ကြောင်း သမ္မတဦးဝင်းမြင့် က သူရဲ့ဒီနေ့မိန့်ခွန်းမှာ ထည့်ပြောခဲ့ ပါသေးတယ်။

တပ်မတော်နဲ့ အစိုးရကြား အခုလို အပြန်အလှန်ပြောဆိုနေမှုတွေဟာ ဖန်တရာတေနေပြီလို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ကပြောပါတယ်။

“ပြောခွင့်ရှိတဲ့အခါ တက်ပြောနေတာပဲ။ ဖန်တရာတေ အက်ကြောင်းထပ်နေတဲ့ စကားတွေလိုပဲ။ ကျနော်တို့ ပြောတာတွေကိုလည်း သူတို့နားမထောင်ဘူး။”

တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး တောင်တန်းဒေသတွေမှာ နယ်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိတဲ့အကြောင်း ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်က ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ ပင်လုံသဘောတူညီချက်တွေကို လက်ရှိ အချိန်အထိ အကောင်အထည်မဖော်နိုင်သေးတာကို ဝမ်းနည်းမိသလို အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ သမ္မတကဆိုပါတယ်။

တိုင်းရင်းသားနဲ့ ဗိုလ်ချုပ်ကြားသဘောတူခဲ့တဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်နေတယ်လို့ ပြောပြီး တန်းတူရေးမပေးတာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ခူးကြူးဖဲကေး ကပြောပါတယ်။

“တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ ကတိကဝတ်ကို အစိုးရက အကောင်အထည်ဖော်နေ တယ်လို့ ပြောပြီးတဲ့အချိန်မှာ ဒီနေ့ဒီအချိန်ထိ ဘယ်မှာလဲတန်းတူရေး။ တန်းတူရေးက အရေးကြီးနေတဲ့အချိန်မှာ အဓိကအရေးကြီးတာတွေကို အကောင်အထည်မဖော်ဘဲနဲ့ အလာဟသ အရေးမကြီးတာတွေကိုပဲ အချိန်ဖြုန်းနေ တယ်လို့ ယူဆတယ်။  ကြေးရုပ်တွေဆောက်တာကို အလေးထားပြီးဆောင်ရွက်နေတာဟာ အဓိက Unity ဖြစ်စေချင်လို့လို့ ပြောတာတွေ့ရတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတစ်ခုနဲ့ နိုင်ငံရေးအာဏာတည်ဆောက်တာဟာ ရယ်စရာတစ်ခုလို့ ထင်ပါတယ်။”


သမ္မတဦးဝင်းမြင့်က  မြန်မာနိုင်ငံအနေနဲ့ အခြေခံ လူအခွင့်အရေးတွေကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်နေတယ်လို့ ပြောလိုက်ပါတယ်။

အာဏာရှင်ဆန်ပြီး ပြည်သူလူထုကို ဖိနှိပ်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်မပေါ်ပေါက်လာအောင်လည်း ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

တဘက်မှာလည်း တပ်မတော်အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တောက်လျှောက်ပါဝင်နေတာဟာ မဖြစ်သင့်ကြောင်းနဲ့ ကာကွယ်ရေးလုပ်ငန်းကိုသာ ဆောင်ရွက်သင့်ကြောင်း ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းကတင်မကဘဲ နိုင်ငံတကာကပါ ထောက်ပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။