ဦးမြင့်ဆွေအား ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်


2016-03-11
Share
army-mp-620.jpg တပ်မတော်သားအစုအဖွဲ့က တင်မြှောက်ရွေးချယ်သည့်ပုံ။
ဓါတ်ပုံ - ကကပြည်

လွှတ်တော်နှစ်ရပ်ပေါင်းမှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်မယ့် ဒုတိယ သမ္မတလောင်းအဖြစ် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို ရွေးချယ် လိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ နေပြည်တော်က ဆင်ဖြူရှင်ခန်းမမှာ ကျင်းပတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ကျင်းပတဲ့ ဒုတိယသမ္မတရွေးချယ်ရေး အခမ်းအနားမှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုတင်သွင်းပြီး ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုလိုက်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီအခမ်းအနားကို လွှတ်တော်နှစ်ရပ်ပေါင်းက တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က တင်မြှောက်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး သူဟာ တပ်မတော်က တင်မြှောက်ခဲ့တဲ့ ဒုတိယသမ္မတဟောင်း သီဟသူရတင်အောင်မြင့်ဦး ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ ကျန်းမာရေးကြောင့် ရာထူးကနေ နှုတ်ထွက်စဉ် အစားထိုး ခန့်အပ်ဖို့ လျာထားခံခဲ့ရသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီအချိန်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ သမက်ဖြစ်သူဟာ နိုင်ငံခြားသားအဖြစ် ခံယူထားတာကြောင့် ပုဒ်မ ၅၉(စ) နဲ့ ငြိစွန်းခဲ့ပြီး ဒုတိယသမ္မတ နေရာနဲ့ လွဲချော်ခဲ့သူဖြစ်ပါတယ်။

ပုဒ်မ ၅၉(စ) မှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေရဲ့ သမက် သို့မဟုတ် ချွေးမတို့ဟာ နိုင်ငံခြားသားမဖြစ်ရ ၊ နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံ မဖြစ်ရဆိုတဲ့ အချက်တွေကို ပြီးခဲ့တဲ့ လွှတ်တော်မှာ ပယ်ဖျက်လိုက်တာကြောင့် ဦးမြင့်ဆွေဟာ ငြိစွန်းမှုမရှိတော့ဘူးလို့လည်း သိရပါတယ်။ သူဟာ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့အရေးအခင်းကို ကိုင်တွယ်ဖြေရှင်းခဲ့သူဖြစ်ပြီး ထောက်လှမ်းရေးအဖွဲ့ကို ဖြိုခွဲစဉ်ကလည်း အဓိကတာဝန်ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ပတ်သက်တဲ့ အမြင်နဲ့ သုံးသပ်ချက်တချို့ကို RFA အဖွဲ့သူ မသင်းသီရိက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့