တွေ့ဆုံဆွေးနွေးဖို့ဆိုရင် အကြမ်းဖက်လမ်းကြောင်းမလုပ်ဖို့နဲ့ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ကမ္ဘာသိ ကြေညာမှသာ ဖြစ်နိုင်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဩဂုတ်လ ၂၂ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောပါတယ်။
ဒါကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူတွေနဲ့တော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားဖို့ မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့တာပါ။
"အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း လျှောက်လှမ်းဖို့ မရှိပါဘူး"
ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော့ ငြိမ်းချမ်းရေးဆက်ဆွေးနွေးသွားဖို့ ရှိနေသလို ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းတို့ ဇူလိုင်လ ၉ ရက်နေ့က နေပြည်တော်မှာ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်းကိုလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
"တွေ့ဆုံဆွေးနွေးမှုက မှန်ပါတယ်။ နှစ်နာရီနီးပါး ကြာပါတယ်။ နှစ်ဦးချင်းတွေ့ဆုံတာ ဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးတာတွေ မသိရပါဘူး"
Lion Battalion Commando ဗျူဟာစစ်ကြောင်းရဲ့ ရှေ့တန်းပြန်ကြားရေးနဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဒီပါကတော့ တော်လှန်ရေးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် တိုက်ခိုက်နေတာမဟုတ်သလို မည်သူတစ်ဦးတစ်ယောက်ကြောင့်မှလည်း တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ RFA ကို ဖြေဆိုထားပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီကို ပြည်သူလက်ထဲကို ပြန်လည်ရယူပေးနိုင်ဖို့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းလို့လည်း ဒီတော်လှန်ရေးကြီး ပြီးမသွားဘူးလို့ ဆိုပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NLD အစိုးရလက်ထက်က မဲစာရင်း ပြန်စစ်ဆေးပေးဖို့၊ မေးမြန်းခွင့်ပြုဖို့ စာပေးပို့တောင်းဆိုတာတွေရှိပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် ဒီအခြေအနေအထိရောက်လာတဲ့ ပုံစံမျိုးကိုလည်း ထပ်ပြီး ထည့်သွင်းပြောခဲ့ပါတယ်။