အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဆက်သွယ်လက်ခံပြီး ရုံးခန်းဖွင့်ခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အကြမ်းဖက်အားပေးနေတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၉ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီနိုင်ငံတွေဟာ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ လုပ်ငန်းစဉ်တွေကို ချိုးဖောက်ရာရောက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးတွေ၊ ကုလသမဂ္ဂရုံးတွေကို ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပေးပို့ထားသလို အကြမ်းဖက်မှုကျူးလွန်သူတွေကို အရေးယူမယ် လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား နိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။
ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံက ကိုယ်စားလှယ် ၇၀၀ ကျော်ပါဝင်တဲ့ ဥရောပ လွှတ်တော် ကတော့ တရားဝင်အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံအားပေးဖို့ အောက်တိုဘာလ ၇ ရက်နေ့က မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ကြပါတယ်။