မြိုင်နဲ့ပခုက္ကူမှာ စစ်ကောင်စီတပ်သားတွေကို PDF တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မှာ ရှိတဲ့ စစ်လက်နက်ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ ကာကွယ်ရေးစက်ရုံကို ဇန်နဝါရီ ၇ ရက် မနေ့ည ၇ နာရီဝန်းကျင်က ရှေ့တိုက်ဒုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပခုက္ကူနဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှစ်ခု ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ည ၉ နာရီဝန်းကျင်လောက်က ပခုက္ကူ မြို့ရှောင်လမ်းမှာ လှည့်ကင်းပတ်နေတဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ဆိုင်ကယ်လေးစီးကို Pakokku North PDF အဖွဲ့က ဗုံး သုံးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း အနီးမှာရှိတဲ့ အမှတ် (၃) ရပ်ကွက်ဘက်ကို ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကို ပခုက္ကူ ဒေသကာကွယ်ရေးတပ်ဖွဲ့ က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်အတွင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့ တိုက်ခိုက်မှုတွေဟာ အခုရက်ပိုင်းတွေအတွင်း ခပ်စိပ်စိပ်ရှိလာနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။