ရန်ကုန်မှာ ပြည်သူအယောက် ၂၀ ကို စစ်ခုံရုံးက သေဒဏ်နဲ့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

ရန်ကုန်တိုင်း ရွှေပြည်သာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေက ပြည်သူ လေးဦးကို ဇန်နဝါရီလ ၆ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တဲ့အပြင် နောက်ထပ် လူကိုးဦးကို ထောင်ဒဏ်တစ်သက်နဲ့ ခုနစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ အသီးသီး ချမှတ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ ဇွဲဝေယံထွဋ်(ခ) အက်ဒီဇင် အပါအဝင် လေးဦးဟာ အောက်တိုဘာလ ၁၃ ရက်နေ့ က ရာအိမ်မှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ချမှတ် ခံရတာပါ။

မြောက်ဥက္ကလာပမြို့နယ်က အောင်ပိုင်သူ(ခ)မိုးညို၊ ထက်ဝေယံ(ခ) နောင်နောင်၊ ညိုချော(ခ)ရာဇာ၊ ဖြိုးအောင် (ခ)ကိုဖြိုး၊ ထက်လွင်ကို(ခ)ထက်ရှား(ခ)ရှားတင်နဲ့ ဇင်မင်းထွန်း(ခ)ဒိုးလေး အပါအဝင် လေးဦး၊ စုစုပေါင်း ကိုးဦး ကိုတော့ ဆန္ဒပြပွဲတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေ၊ စစ်သင်တန်းတက်ရောက်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တာပါ။

အလားတူ မြောက်ဥက္ကလာပမြို့နယ်က စိုးနိုင် အပါအဝင် ခုနစ်ဦးနဲ့ ထက်ရှား (ခ) ထက်လွင်ကို(ခ)ရှားတင် အပါအဝင် သုံးဦး၊ စုစုပေါင်း ၁၀ ဦးဟာလည်း နိုဝင်ဘာလ ၁၇ ရက်နေ့က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို နှောင့်ယှက်တားဆီးမှု၊ ရာအိမ်မှူးတစ်ဦးရဲ့ နေအိမ်ကို ဗုံးနဲ့ဖောက်ခွဲဖို့ကြိုးစားမှု စတဲ့ စွပ်စွဲချက်တွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့တာလို့ ပါရှိပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ဒေသခံတွေကတော့ အာဏာသိမ်းစစ်ကောင်စီက သူတို့ ဆန့်ကျင်သူတွေအပေါ် အခုလို သေဒဏ်နဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်နေတာဟာ ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတာလို့ ပြောဆိုကြပါတယ်။

ပြည်သူတွေဘက်က အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကတော့ အခုလို စစ်ခုံရုံးကချမှတ်တဲ့ အမိန့်တွေဟာ လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်ရေး ထုံးတမ်း စဉ်လာအရ ရှေ့နေလိုက်ခွင့်၊ ထုချေခွင့် တွေမရဘဲ ချမှတ်တာဖြစ်လို့ ဒါဟာ ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြပြောဆိုကြပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း အခုလို စီရင်မှု တွေရှိနေတာဟာ နိုင်ငံအတွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးဆိတ်သုဉ်းနေတာဖြစ်သလို တရားစီရင်ရေး မဏ္ဍိုင်ကလည်း လုံးဝပျက်စီး နေတယ်ဆိုတာကို ပြသနေတာလို့ RFA ကို ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာရှိတဲ့ စစ်ခုံရုံး အသီးသီးကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင်၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့သူပေါင်းဟာ ဇန်နဝါရီလ ၆ ရက်နေ့အထိ ၁၃၇ ဦးရှိလာနေပြီး အဲဒီအထဲမှာ သေဒဏ်ချမှတ်ခံရသူပေါင်း ၉၆ ဦးအထိရှိနေပါတယ်။