မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ထားဆဲဖြစ်တယ်လို့ တောင်ကိးရီးယားအစိုးရက ပြောလိုက်ပါတယ်။
တောင်ကိုရီးယားအစိုးရက သူ့နိုင်ငံမှာကျင်းပတဲ့ လက်နက်အရောင်းပြပွဲ တက်ရောက်ဖို့ မြန်မာစစ်ကောင်စီသံတမန်တစ်ဦးကို ဖိတ်ကြားခဲ့တာဟာ "အလွန်စိုးရိမ်စရာ" ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးက စာရေးသားပေးပို့လိုက်ပြီးနောက် အခုလိုပြောဆိုတာ ဖြစ်ပါတယ်။
ဒီလိုဖိတ်တာဟာ တရားမဝင် အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုရာရောက်သလို အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို တောင်ကိုရီးယားရဲ့ လက်နက်တင်ပို့မှုဟာ သံသယဖြစ်စေတယ်လို့ မစ္စတာအန်ဒရူးကပြောထားပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအပေါ် စစ်လက်နက်တင်ပို့မှုပိတ်ဆို့ရေး အပါအဝင် အရေးယူမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေဆဲဖြစ်ပြီး၊ မြန်မာသံအမတ်ကို ဖိတ်ခဲ့တာဟာလည်း အာဆီယံ ၁ဝ နိုင်ငံကို ဖိတ်ကြားခဲ့တာသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မေလက ကျင်းပခဲ့တဲ့ လက်နက်အရောင်းပြပွဲကို စစ်ကောင်စီခန့် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသန့်စင် တက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးက တိုက်တွန်းထားပါတယ်။