စားနပ်ရိက္ခာလုံခြုံမှုရှိရေးအတွက် လိုအပ်တဲ့ လောင်စာဆီ၊ ဓာတ်မြေဩဇာအပါအဝင် အထာက်အကူပြုပစ္စည်းတွေကို ရောင်းဝယ်တဲ့အခါ တချို့နိုင်ငံတွေက ဘဏ္ဍာရေးလုံခြုံမှုနဲ့ ယှဉ်တွဲပြီးဖြစ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁၅ ရက်မှာ ပြောပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့က ရုရှားတပ်မတော်မျိုးချစ်ပန်းခြံမှာ ဩဂုတ်လ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ (၁၁) ကြိမ် မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်း Video Message ပေးပို့ရာမှာ အခုလို ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။
“တချို့နိုင်ငံ” လို့သာ စွပ်စွဲပြောဆိုခဲ့ပြီး ဘယ်နိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေသလဲဆိုတာကိုတော့ တိတိကျကျပြောဆိုသွားခြင်းမရှိပါဘူး။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က မြန်မာ စစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့ ဒေါ်လာလက်ဝယ်မရှိဖို့နဲ့ လောင်စာဆီ ဝယ်ယူမသုံးစွဲနိုင်အောင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။
MFTB နဲ့ MICB ဘဏ်နှစ်ခုလုံးဟာ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စတဲ့ နိုင်ငံခြား ငွေတွေ အများဆုံးစီးဆင်းနေတဲ့ ဘဏ်တွေ ဖြစ်ပါတယ်။ ဒီဘဏ် နှစ်ဘဏ်ကို ပိတ်ဆို့အရေးယူ လိုက်ကြောင်း ကြေညာအပြီးမှာပဲ ဒေါ်လာနဲ့ ရွှေစျေးတွေ မြင့်တက်လာတာပါ။
စစ်ကောင်စီကတော့ ဒေါ်လာနဲ့ ရွှေစျေးမြင့်တက်လာတာကို ထိန်းချုပ်ဖို့ နိုင်ငံခြားငွေ လဲလှယ်ရောင်းချတဲ့ လူပုဂ္ဂိုလ်တွေကိုဖမ်းဆီးတာ၊ ကုမ္ပဏီတွေကို လုပ်ငန်းလိုင်စင်ရုပ်သိမ်း တာတွေ လုပ်ခဲ့ပါတယ်။
ဒီလိုရေးယူတာတွေရှိခဲ့ပေမယ့် ဩဂုတ်လ ၁၇ ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ တစ်ဒေါ်လာ ဝယ်စျေး ကျပ် ၃၆၈၀ ထိရှိနေသလို ပြန်ရောင်းစျေးက တစ်ဒေါ်လာကို ကျပ် ၃၇၆၀ ထိရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့တွင်း ဒေါ်လာ ဝယ်ရောင်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ငွေကြေးဖောင်းပွလာမှုနဲ့အတူ အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်ပစ္စည်း အမျိုးမျိုးရဲ့ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး စားဝတ်နေရေးခက်ခဲလာတယ် လို့လည်း ရန်ကုန်မြို့နေ ပြည်သူတချို့က RFA ကို ပြောပါတယ်။