အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုပါ ခံနေရတဲ့ ကယားပြည်နယ်ရဲ့ နှစ် ၇၀ ပြည့် ပြည်နယ်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ပြည်နယ်တည်ငြိမ်ရေးအတွက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အထူးလိုအပ်ကြောင်း၊ သွေးထိုး လှုံဆော်မှုတွေ ရှိနေလို့သာ ဒေသတချို့မှာ မငြိမ်းမချမ်းဖြစ်နေရကြောင်းနဲ့ ကယားပြည်နယ်က တာဝန် ရှိသူတွေအနေနဲ့ ငြိမ်းချမ်းရေးမှာ အရင်ကထက် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ဒီနေ့ပေးပို့တဲ့ သဝဏ်လွှာ မှာ ရေးထားပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ ပြောပါတယ်။ KNPP အတွင်းရေးမှူး(၁) ခူဒယ်နီယာက " KNPP ကို ငြိမ်းချမ်းရေးဆွေးနွေးမယ် လာပြောရင်တော့ KNPP က လူထုနဲ့ပဲ အလုပ်လုပ်တယ်၊ လူထုနဲ့ တစ်သားတည်းပဲ၊ သူတို့နဲ့ KNPP က ငြိမ်းချမ်းရေး သွားဆွေးနွေးရင် KNPP ပဲ နာမည်ပျက်မယ်၊ သူတို့ကို လူထုက လက်မှမခံတော့တာ၊ လောလောဆယ် ဆွေးနွေးဖို့အကြောင်း မရှိသေးပါဘူး" လို့ RFA ကို ပြောပါတယ်။
စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဝဏ်လွှာ ပေးပို့ခဲ့ပေမယ့် ကယားပြည်နယ်ထဲမှာ စစ်ကောင်စီ ဘက်က တိုက်ခိုက်နေတာတွေတော့ လျှော့မသွားဘဲ နေ့တိုင်းတိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ PDF တွေပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်နေတာပါ။
ဇန်နဝါရီလ ၁၃ ရက်နေ့က လွိုင်ကော်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တယ်လို့ ကရင်နီဒေသခံခုခံကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
KNDF ပြောခွင့်ရှိသူတွေကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိကြောင်း တစိုက်မတ်မတ် ပြောဆိုနေတာဖြစ်ပါတယ်။
ကယားပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေ ရှိခဲ့သလို မြို့လုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာပါ။
ပြည်နယ်တစ်ခုလုံးရဲ့ လူဦးရေထက်ဝက်ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။