ဘာသာရေးအစွန်းရောက်မှုတွေ ဖြေရှင်းရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော


2019.03.09
minaunghlaing-thailand-622.jpg တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေးမှာ တွေ့ရစဉ်
Photo: www.seniorgeneralminaunghlaing.com.mm

ဘာသာရေးအစွန်းရောက်မှုတွေအပေါ် အစိုးရတွေက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းရင် ဒီမိုကရေစီ ချိုးဖောက်မှုအဖြစ် နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးတာကို ရင်ဆိုင်ရနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေရဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မတ် ၇ ရက်နေ့က ကျင်းပတဲ့ "အာဆီယံရဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ လုံခြုံရေးအတွက် အကြမ်းဖက်မှု တန်ပြန် နှိမ်နင်းရေး " ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။

လက်ရှိ ရင်ဆိုင်နေရတဲ့ စစ်သွေးကြွတွေရဲ့စိန်ခေါ်မှုတွေဟာ ဘာသာရေး အစွန်းရောက်မှုတွေအပေါ် အခြေခံကြောင်း၊ အဲဒီပြဿနာကို အစိုးရတွေအနေနဲ့ တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းရင် လူ့အခွင့်အရေးဗန်းပြပြီး အကြမ်းဖက်အဖွဲ့အစည်းတွေက အစိုးရအပေါ် အကျပ်ကိုင်လာတာတွေကို ရင်ဆိုင်ရလာနိုင်တဲ့အကြောင်း ပြောကြားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး က မတ်လ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ လွတ်လပ်စွာ စုဖွဲ့နိုင်တာ၊ ပြောဆိုနိုင်တာ၊ ပုဂ္ဂိုလ်ရေး ကိစ္စရပ်တွေကို လျှို့ဝှက်ထားခွင့်ရှိတာ၊ သတင်းမီဒီယာလွတ်လပ်ခွင့်ရှိတာ စတဲ့အချက်တွေကြောင့် အကြမ်းဖက်အဖွဲ့တွေက သူတို့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖန်တီးပေးနေတဲ့ပုံစံ ဖြစ်နေကြောင်းလည်း ပြောခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအများစုဟာ ဘာသာရေးအစွန်းရောက်မှုတွေကတဆင့် ပေါ်ပေါက်လာတာကို တွေ့ရတဲ့အပြင် လူဦးရေပေါက်ကွဲမှုတွေကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကြောင့် မူလနေထိုင်တဲ့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနယ်ပယ်တွေမှာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာပြီး မူလနေထိုင်တဲ့ လူ့အဖွဲ့အစည်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားတာကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

တဆက်တည်းမှာပဲ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက စပြီး အင်တာနက် မီဒီယာတွေကို တွေကိုသုံးကာ ဘာသာရေးအစွန်းရောက် အတွေးအခေါ်တွေကို ဖြန့်ဝေတာ၊ လူသစ်စုတာ၊ စည်းရုံးတာ၊ ISIS နယ်မြေတွေကို သွားဖို့ ချိတ်ဆက်ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အဲတာတွေကို စုံစမ်းဖော်ထုတ်ဖို့ဟာ နည်းပညာမြင့်တဲ့ နိုင်ငံတွေအဖို့တောင် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။