ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဆေးရုံ၊ ကျောင်းနဲ့ ရုံးဌာနတွေ အားလုံး ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး ပိတ်ထားတယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။
မင်းတပ်မြို့ပေါ်မှာ အထက်တန်းကျောင်း သုံးကျောင်းနဲ့ အလယ်တန်းကျောင်း ဆယ်ကျောင်းဝန်းကျင်ရှိပေမဲ့ အာဏာသိမ်းပြီးနောက် ခလရ (၂၇၄) တပ်ထဲက ကျောင်းတစ်ကျောင်း၊ အထက (၁) နဲ့ အထက (၃) ကျောင်း တွေသာဖွင်ထားတာလို့ ဆိုပါတယ်။
ဘာကြောင့် ပိတ်ခိုင်းထားတာလဲဆိုတာတော့ သေချာမသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဘယ်လိုကြောင့်ပိတ်ခိုင်းလဲဆိုတာတော့ အသေအချာတော့ မသိဘူး။ တိုက်ပွဲတွေကြောင့်တော့ မဟုတ်ဘူးထင်တယ်။ မြို့ပေါ် ခြုံခိုတိုက်ပွဲတွေတော့ မကြာခဏ ရှိတာပေါ့နော်"
လက်ရှိ မြို့နယ်ဆေးရုံ၊ ကျောင်းနဲ့ ရုံးဌာနတွေကို ပိတ်ထားလိုက်ပေမယ့် စစ်ကောင်စီ တပ်ကတော့ မြို့ပေါ်မှာ ကင်းလှည့်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ရုံးဌာနတွေထဲမှာ သစ်တောရုံး၊ မြေစာရင်းရုံးအပါအဝင် ရုံးတွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တိုက်ပွဲတွေကြောင့် မလည်ပတ်နိုင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကတော့ စစ်ကောင်စီတပ်က အဲဒီဌာနတွေကို လုံခြုံရေးမပေးနိုင်တော့တာကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"စကစတွေက ဆေးရုံကို မောင်ပိုင်စီးပြီး လည်ပတ်နေတယ်ပေါ့လေ။ အဲဒီကျန်းမာရေး ဌာန ကားတွေထဲက တစ်စီးကို CDF လူငယ်တွေက ရအောင်ပြန်ယူလာတယ်။ အဲဒီလိုပြန်ယူလာတာကို စကစက မကျေနပ်ဘူး။ သူတို့သိက္ခာလည်း ကျတယ်ပေါ့လေ။ အဲဒီလိုကြောင့် လုံခြုံရေးမယူပေးတော့ဘူးဆိုပြီး ကျောင်းတွေ၊ ဆေးရုံတွေ ပိတ်ခိုင်းလိုက်တာ"
လက်ရှိ မင်းတပ်မြို့ပေါ်မှာတော့ တိုက်ပွဲတွေမရှိဘူးလို့လည်း ကိုယောမန်က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဇူလိုင်လ ၃၀ ရက်နေ့ကတော့ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်မှာရှိတဲ့ သစ်တောရုံးအနီးမှာ စစ်ကောင်စီတပ်ရဲ့ ကားတစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။