မင်းတပ်တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

2021.05.13
မင်းတပ်တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တိုက်ပွဲမှာ သေဆုံးသွားသူ မောင်ထန်းဟုန်းထန်းရဲ့ပုံကို တွေ့ရစဉ်
-
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား မနေ့က မေလ ၁၂ ရက်နေ့ ညပိုင်းကနေ ဒီနေ့မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် RFA က ဆက်သွယ် မေးမြန်းချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပြီး CDF အဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး ခုနစ်ဦးခန့်ဒဏ်ရာ ရရှိထားတယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ဘက်ကို စစ်ကောင်စီတပ်က အမြှောက်တွေနဲ့ပါ ပစ်ခတ် နေတယ်လို့ သူကဆိုပါတယ်။
 
“ကျွန်တော်တို့မနေ့က တိုက်ပွဲ စဖြစ်တယ်ပေါ့နော်။ တိုက်ပွဲစဖြစ်တာကတော့ ရဲစခန်းနားမှာ ပစ်ခတ်မှု ရှိတယ်။ ဘဏ်ရုံးမှာ ပစ်ခတ်မှုရှိတယ်။ မနေ့ည တစ်ညလုံး ပစ်ခတ်မှုရှိတယ်။ ကျောက်ထုဆိုတာ ကျွန်တော်တို့ မင်းတပ်မြို့နဲ့ ၁၈ မိုင်အကွာမှာရှိတယ်။ အဲမှာ လေယာဉ်ကွင်းရှိတယ်။ လေယာဉ်ကွင်း ဆိုတာ စစ်ကွင်း၊ အများပြည်သူ သုံးတာ မဟုတ်ဘူး။ စစ်လေယာဉ်ကွင်း အဲမှာ အမြှောက်တွေရှိတယ်။ အဲကနေ စစ်ကား ငါးစီးတက်လာတယ်။ မနေ့ည ၁ နာရီကနေ ၃ နာရီအထိ လက်နက်ကြီးနဲ့ထုတယ်။ မနက် ၆ နာရီကနေ ပြန်စတယ်။ အခုချိန်ထိ ထုနေတယ်။ အခုလေးတင် ခဏရပ်သွားတယ်။ ကျွန်တော်တို့ ဘက်က အကျဆုံးက ထိပ်တိုက်တွေ့တဲ့ စစ်ပွဲမဟုတ်ဘဲနဲ့ သူတို့က ၁၈ မိုင်လောက်ကနေ အမြောက်တပ်နဲ့ တောက်လျှောက် ကျွန်တော်တို့ကို ပြည်သူတွေကို အကုန်လုံး လိုက်ထုနေတာ။ ကျွန်တော်တို့ တဖြည်းဖြည်း နောက်ဆုတ်လာခဲ့တယ်။ ကျွန်တော်တို့ဘက်က အကျအဆုံး တစ်ယောက်ရှိတယ်။ ဒဏ်ရာရတာကတော့ အနည်းဆုံး ခြောက်ယောက် ခုနစ်‌ယောက်လောက် ရှိတယ်”
 
စစ်ကောင်စီဘက်ကလည်း အကျအဆုံးရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ပြောပါတယ်။
 
 စစ်ကောင်စီတပ်ရဲ့ စစ်ကား ခြောက်စီးဟာ မတူပီမြို့ကနေ  မင်းတပ်မြို့ကို အင်အားဖြည့်ဖို့ ဦးတည်လာနေ တာကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။
 
မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်တို့ ဧပြီ ၂၄ ရက်ကနေ ၂၈ ရက်နေ့အထိ တိုက်ပွဲ သုံးရက် ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၂၀ ကျော်ကျဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ကျဆုံးတာ မရှိဘူးလို့ Chinland Defense Force – Mindat က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီကတော့ အဲဒီဖြစ်စဉ်ဟာ ကောလဟာလ သတင်းအမှားတွေသာ ဖြစ်တယ်လို့ ဧပြီလ ၂၉ရက်နေ့ က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
 
မနေ့ကနဲ့ ဒီနေ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ညနေအထိ တစ်စုံတစ်ရာ ထုတ်ပြန် တာ မတွေ့ရသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။