KNU တပ်မဟာ ၆ နယ်မြေမှာ တစ်လအတွင်း အရပ်သား ငါးဦးသေ၊ ၁၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေမှာ ဇူလိုင်လအတွင်း တိုက်ပွဲ၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ငါးဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU က သြဂုတ်လ ၅ ရက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က KNU တပ်မဟာ (၆) နယ်မြေ ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ကြာအင်းဆိပ်ကြီးနဲ့ ကျုံဒိုးမြို့နယ်တွေအတွင်း လက်နက်ကြီးနဲ့ ၅၃ ကြိမ်ပစ်ခတ်ခဲ့တဲ့ အတွက် အရပ်သား နှစ်ဦးသေဆုံးပြီး ကလေး နှစ်ဦး အပါအဝင် ကိုးဦး ဒဏ်ရာရရှိခဲ့သလို မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအပြင် နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်း၊ နေအိမ် (၆) လုံးပျက်စီးခဲ့ပြီး နွား ၁၇ ကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကနေ Mi-35p Helicopter နဲ့ ခြောက်ကြိမ် လာရောက်ပစ်ခတ်ခဲ့လို့ နောက်ထပ် လူနေအိမ် ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU ဗဟိုရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၆) လက်အောက်ခံတပ်တွေအကြား တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး တစ်ဦး၊ တပ်ခွဲမှူး နှစ်ဦး အပါအဝင် ၉၅ ဦး သေဆုံးခဲ့ပြီး ၈၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

KNU လက်အောက်ခံတပ်တွေဘက်ကလည်း သုံးဦး သေဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နှစ်ဖက် ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကလည်း လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မပြောနိုင်ဘူးလို့ RFA ကို ပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေအကြား တိုက်ပွဲပေါင်း တစ်သောင်းကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံ ခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။