ဓာတ်သတ္တု တနိုင်တပိုင် တူးဖော်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်
2019.01.09
မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်သတ္တုအသေးစား လက်လုပ်လက်စား လုပ်ကွက် လုပ်ကိုင်လိုသူတွေအနေနဲ့ တိုင်းအစိုးရအဖွဲ့ရုံးထံ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စတင်လျှောက်ထားနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။
လျှောက်ထားနိုင်တဲ့ လုပ်ငန်းတွေကတော့ ဓာတ်သတ္တုစမ်းသပ်တိုင်းတာဖို့၊ ဓာတ်သတ္တုအသေးစား လက်လုပ်လက်စားထုတ်လုပ်ဖို့၊ ဓာတ်သတ္တုဝယ်ယူရောင်းချဖို့ စတဲ့ လုပ်ငန်းတွေကို လျှောက်ထားနိုင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ကိုယ်တိုင်လျှောက်ထားဖို့ မလိုအပ်ဘဲ စာတိုက်ကနေသာ လျှောက်ထားဖို့ သတ်မှတ်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးစိုးအောင် က RFA ကို ပြောပါတယ်။
လျှောက်လွှာမှာ အချက်အလက်ပြည့်စုံရင် အတည်ပြုမှတ်တမ်းတင်ကာ အတည်ပြုပြီးနောက် လုပ်ကွက်ချပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
လုပ်ကွက်ချထားပေးရေး ဘုတ်အဖွဲ့ကိုတော့ အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းထားပြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဥက္ကဋ္ဌ တာဝန်ယူကာ တိုင်းသတ္တုတွင်း ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနက၊ လယ်ယာမြေစီမံခန့်ခွဲရေး မြေစာရင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ အရာရှိတစ်ဦး တို့ ပါဝင်မယ်လို့ သိရပါတယ်။
အသေးစားလုပ်ကွက် လျှောက်ထားလိုတဲ့ ကုမ္ပဏီတွေဟာ ဒေသတွင်း မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ဖို့ လိုအပ်ပြီး၊ ဓာတ်သတ္တုအမျိုးအစား တစ်မျိုးအတွက် အသေးစားလုပ်ကွက် တစ်ကွက်သာ လျှောက်နိုင်မှာဖြစ်တယ်လို့ အစိုးရရုံး ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် လက်လုပ်လက်စားလုပ်ကွက် လျှောက်ထားလိုသူတွေကတော့ ဒေသခံ နိုင်ငံသား အိမ်ထောင်စုတစ်စုကို လုပ်ကွက်တစ်ကွက် လျှောက်ခွင့်ရှိပြီး ဒေသခံတစ်ဦးချင်းစီအတွက်သာ ခွင့်ပြုမှာဖြစ်တဲ့အတွက် ကုမ္ပဏီ၊ ဒါရိုက်တာ အဖွဲ့ဝင်တွေ၊ အဖွဲ့အစည်းတွေနဲ့ လုပ်ကွက်လက်ဝယ်ရရှိပြီးသူတွေ လျှောက်ထားခွင့်မရှိကြောင်းလည်း ကန့်သတ်ထားပါတယ်။
မန္တလေးတိုင်းအတွင်း သပိတ်ကျင်း၊ ရမည်းသင်း၊ မိုးကုတ်၊ စဉ့်ကူး စတဲ့ မြို့နယ်တွေမှာ ဓာတ်သတ္တု တူးဖော်နိုင်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။