ဝန်ကြီး ဦးကျော်ဝင်း ပုံမှန်ရုံးတက်နေလို့ ဒုဝန်ကြီး ပြော
2018.05.17
အဂတိလိုက်စားမှုနဲ့ ဆက်နွယ်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း နေအိမ်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက (စစစ) က ဝင်ရောက်စစ်ဆေးတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဝန်ကြီးဟာ ဒီနေ့အထိ ပုံမှန်ရုံးတက်နေတယ်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ အစိုးရရဲ့ ဒုတိယတစ်နှစ်တာကာလ သတင်းစာ ရှင်းလင်းပွဲအပြီးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
"ရုံးမှာ ကျနော်လာတဲ့အချိန်တုန်းကရှိတယ်၊ အခုဟာက ဂျာနယ်တွေမှာပါတဲ့သတင်း ကျနော်တို့သိတာလည်း အဲလောက်ပဲ"
အဲဒီကိစ္စဟာ နိုင်ငံတော်သမ္မတရုံးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့သာ သက်ဆိုင်တဲ့အတွက် ဝင်ဖြေပေးလို့ မရဘူးလို့လည်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဝန်ကြီး ဦးကျော်ဝင်းဟာ အဂတိလိုက်စားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်က နေအိမ်ကို ဝင်ရောက်စစ်ဆေးတယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။