ကြေးနီစီမံကိန်း ဝန်ကြီး ၂ ဦး သွားရောက်စစ်ဆေး

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့ဟာ လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ရှိ မရှိနဲ့ လုပ်ငန်းခွင်ထဲကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီရဲ့ အကြံပေးဖြစ်တဲ့ ဦးကိုမြင့် က ပြောပါတယ်။

"ပုံမှန်လာရောက်ပြီးတော့မှဗျာ လုပ်ငန်းကိုလာရောက်ကြည့်ရှုတာပါခင်ဗျ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စလေးတွေ လာကြည့်တယ်၊ ပြီးတော့မှ ဒီမှာလုပ်ငန်းခွင်ထဲမှာ လိုအပ်ချက်လေးတွေစစ်ဆေးတယ်၊ အဲ့လောက်ပါပဲခင်ဗျ၊ ဒီက သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှင်းပြတာပေါ့နော်၊ ကျနော်တို့ကြောင့် ပတ်ဝန်းကျင်တော့ တစ်စုံတရာထိခိုက်မှု မရှိဘူးပေါ့နော်၊ မရှိတဲ့အတွက် သက်မှတ်ထားတဲ့ သူတို့ စည်းကမ်းတွေနဲ့အညီ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေတယ်ပေါ့၊ အဲ့ဒီလိုပဲ ကျနော်တို့ ရှင်းပြတာပေါ့"

ကံကုန်းကျေးရွာအနီးက မိုးကြိုးဆာလဖျူရစ် အက်ဆစ်စက်ရုံကိုလည်း အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။

မိုးကြိုးဆာလဖျူရစ်အက်ဆစ် စက်ရုံပြောင်းရွှေ့ပေးဖို့နဲ့ စပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်း ခံထားရတဲ့ လယ်မြေတွေအတွက် လျော်ကြေးပေးဖို့ တိုင်ကြားစာကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ထံ ပေးအပ်ခဲ့တယ် လို့ ကံကုန်းရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။

"အက်ဆစ်စက်ရုံကို ဝန်ကြီးတွေ လာမယ်လို့အသံကြားတော့ ကျနော်တို့က အဲ့ဒီဥစ္စာကိုစောင့်တာ၊ ဝင်သွားတာလည်းမြင်တော့ သူတို့ထွက်အလာကို အပေါက်ဝကနေစောင့်ပြီးတော့ ကားထွက်လာတာကို ကျနော်တို့ စာပေးချင်လို့ပါဆိုပြီး ဝန်ကြီးကားကိုတားပြီးတော့ စာပေးတာလေ၊ ပေးတာကတော့ ကျနော်တို့က ပြည်ထောင်စုဝန်ကြီးကားဆိုပြီး တားပေးတာ၊ ဒါပေမဲ့ အဲ့ဒီမှာ စစ်ကိုင်းတိုင်းဝန်ကြီးထင် တယ်၊ စစ်ကိုင်းတိုင်းဝန်ကြီးကိုလည်း ပေးပြီးပြီ၊ ပြည်ထောင်စုဝန်ကြီးကိုလည်း ပေးပါဆိုပြီး ကျနော်တို့ က ပြောတော့ပြောထားခဲ့တယ်၊ စာထဲမှာက စံပယ်တောင် ကြေးစင်တောင် ကြေးနီစီမံကိန်းက သိမ်းထားတဲ့ မြေယာလျော်ကြေးတွေ သိမ်းထားခဲ့တဲ့စာတွေပါတယ်၊ နောက်တစ်ခုက အက်ဆစ် စက်ရုံ ရွှေ့ပြောင်းပေးဖို့ စာတွေပါတယ်"

ပြည်ထောင်စုဝန်ကြီးရဲ့ခရီးစဉ်မှာ လက်ပံတောင်းတောင်၊ စပယ်တောင်နဲ့ ကြေးစင်တောင်ကြေးနီစီမံကိန်း ဧရိယာတွေက ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာမရှိသလို ဆားလင်းကြီးမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့တာမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။