စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက နေရာ ငါးခုမှာ ဇန်နဝါရီ ၆ ရက် မနေ့ကစပြီး ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ဝန်းကျင်အတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်လိုက်တယ်လို့ မင်းကင်းမြို့ခံတွေက RFA ကို ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကလေးတွေရဲ့ ပညာရေး အလှမ်းဝေးနေတာကြောင့် အခုလို ဖွင့်လှစ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စာသင်ကျောင်းတွေမှာသင်ရင် အာဏာရှင်တွေက သင်ပေးသလိုဖြစ်နေမှာစိုးလို့ ကိုယ်ပိုင်နေရာမှာ သင်ကြတယ်၊ CDM ဆရာ၊ ဆရာမတွေ၊ ဆယ်တန်းအောင်ထားတဲ့သူတွေနဲ့ သင်နေတာပါ၊ နောက်ထပ် လည်း နယ်မြေစိုးမိုးမှုရှိတဲ့ နေရာတွေမှာ ထပ်ဖွင့်သွားဖို့ စီစဉ်ထားပါတယ်"
လတ်တလောမှာတော့ KG တန်းကနေ စတုတ္ထတန်းအထိ ဖွင့်လှစ်ထားပြီး ကလေးတွေအတွက် စာအုပ် တစ်အုပ်စီ နဲ့ ဖောင်တိန်တစ်ချောင်းစီ အခမဲ့ ဝေငှထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုဖွင့်လှစ်လိုက်တဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ လက်ရှိအခြေအနေအရ မြန်မာစာနဲ့ သင်္ချာ ကိုသာ အဓိက သင်ပေးသွားမှာဖြစ်ပြီး မကြာခင် အလယ်တန်းအဆင့်ထိ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့လည်း မင်းကင်းမြို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းဟာ အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန်ဆန့်ကျင်နေတဲ့ တိုင်းဖြစ်ပြီး မင်းကင်းမြို့မှာ လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။