သာယာဝတီအကျဉ်းထောင်ကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဗကသအဖွဲ့ချုပ် အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက လမ်းမတော်နဲ့ ကမာရွတ်မြို့နယ်တွေမှာ အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြခဲ့တဲ့အတွက် အဲဒီမြို့နယ်ရဲစခန်းတွေက တရားမဝင်စီတန်း လှည့်လည်မှု၊ ပိုင်နက် ကျူးလွန်မှုတို့နဲ့ တရားစွဲဆိုလိုက်ပါတယ်။
ကျောင်းသားသပိတ်စတင်ခဲ့တဲ့ နေ့ရက်တုန်းက ဆန္ဒပြခဲ့တာတွေအတွက် မနေ့ တရားစွဲတာ ဖြစ်တယ်လို့ ကျန်းမာရေးကြောင့် သာယာဝတီထောင်ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။
"ရန်ကုန်နှစ်မြို့နယ်လုံးပေါ့၊ လမ်းမတော်ရယ်၊ ကမာရွတ်ရယ်၊ သမိုင်းလမ်းဆုံကနေ လှည်းတန်းကိုလာတယ်၊ ပြီးတော့ရန်ကုန်တက္ကသိုလ်ထဲကိုသွားတယ်၊ အဲ့ကိစ္စတွက် ၁၈နဲ့ ၄၄၇နဲ့စွဲတယ်၊ လမ်းမတော်ကတော့ ကျနော်တို့နောက်ဆုံးရက်မှာ မြို့တော်ခန်းမရှေ့ကို ချီတက်လမ်းလျှောက်တဲ့အတွက် ကျနော်ရယ်၊ ကိုနန္ဒာစစ်အောင်ရယ်ကိုစွဲတယ်၊ ကမာရွတ်ရဲစခန်းကကျတော့ ၁၈နဲ့ ၄၄၇နဲ့က ဖြိုးဖြိုးအောင်ရယ်၊ ကိုကျော်ကိုကိုရယ်၊ ကိုနန္ဒာစစ်အောင်ရယ်၊ ကျနော်ရယ်ပေါ့"
ကိုမင်းသွေးသစ်ဟာ လက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်း လှည့်လည်မှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှုစတဲ့ အမှုပေါင်း ၄၀ ကျော်နဲ့ တရားရင်ဆိုင် နေရတာဖြစ်ပြီး အစာအိမ်ရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဒုတိယအကြိမ် တက်ရောက်ကုသနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ရက်နေ့က လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီး ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူ ၅၀ ကျော်ဟာ သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ ခုနဲ့ ဖမ်းဆီးခံထားရတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လက်ရှိဆေးကုသမှုခံယူနေသူ ၅ ဦး ရှိနေပါတယ်။
