ကျောက်မျက်ရန်ပုံငွေ ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးသင့်ကြောင်း အကြံပြု

မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲက ယူရိုငွေ ၈၆ သန်း ပျောက်ဆုံးမှု တိုင်ကြားစာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန နဲ့ ပြည်ထောင်စာစာရင်းချုပ်ရုံးတို့က သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးသင့်ကြောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် က အကြံပြုလိုက်ပါတယ်။

ကျောက်မျက်အသင်းရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုက စစ်ဆေးသင့်တယ်လို့ ယူဆတဲ့အတွက် အခုလို အကြံပြုတာဖြစ်တယ်လို့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်မြင့်ဖေ က ပြောပါတယ်။

"ဒီကိစ္စကတော့ ကျယ်ကျယ်ပြန့်ပြန့် နုလည်းနုညံ့တယ်၊ သိမ်လည်းသိမ်မွေ့တယ်၊ အရင့် အရင် လူကြီးတွေ လည်းပါတယ်ဆိုတဲ့အခါကျတော့ အမှန်တရားပေါ်ပေါက်ဖို့အတွက် ဒီလိုစစ်ဆေးတာ ကောင်းတယ်ဆိုတဲ့ သဘောထားပါပဲ၊ လွတ်လပ်တဲ့အဖွဲ့အစည်းကနေပြီးတော့ တာဝန်ရှိတဲ့သူတွေပါပြီးတော့ ဒီလိုစစ်တာဟာ တိုင်ကြားသူတွေအတွက်လည်းကောင်းတယ်၊ အတိုင်ကြားခံရသူတွေအတွက်လည်း ကောင်းတယ်ဆိုတဲ့ သဘောထားမြင်ပါတယ်၊ နှစ်ဦးနှစ်ဖက်စလုံးအတွက် တရားမျှတမယ့်ကိစ္စကတော့ အဲ့ဒီလို လွတ်လပ်တဲ့ အဖွဲ့အစည်းက တာဝန်ရှိတဲ့သူတွေက စစ်ဆေးတာကတော့ အကောင်းဆုံးပါပဲ"

ကော်မရှင်ရဲ့ အကြံပြုစာကို ပြည်ထောင်စုလွှတ်တော်ရုံးနဲ့ နိုင်ငံတော်သမ္မတရုံးထံ ပေးပို့တာဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်းရှင် ၈၇ ယောက်ရဲ့ တိုင်ကြားမှုနဲ့ပတ်သက်ပြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ သတ္တုတွင်းဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့အဖွဲ့ဟာ တိုင်ကြားခံရသူတွေနဲ့ တိုင်ကြားသူ စုစုပေါင်း ၁၉ ဦးကို ခေါ်ယူစစ်ဆေးပြီးနောက် ပြည်ထောင်စုဝန်ကြီးထံ စစ်ဆေးတေ့ွရှိချက်အစီရင်ခံစာ တင်ထားပြီးဖြစ်ပါတယ်။

သတ္တုတွင်းဦးစီးဌာနရဲ့ စစ်ဆေးတေ့ွရှိချက်အရ ယူရိုငွေ သန်း ၈၀ ကျော် ပျောက်ဆုံးမှုမှာ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်က ပြောထားပါတယ်။