ရွေးကောက်ပွဲပြီးတဲ့အထိ မြန်မာ အပေါ်ပံ့ပိုးမှု ဆိုင်းငံ့သင့်ကြောင်း အမေရိကန်အမတ်ပြော

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့အထိ မြန်မာအပေါ် ကုန်သွယ်ရေး အထောက်အပံ့တွေ ဖြည့်ဆည်းမပေးသင့်ကြောင်း အမေရိကန် အထက်လွှတ်တော်မှာ သြဇာကြီးမားတဲ့ ရီပါဘလီကင် အမတ် Mitch McConnell က မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကို တချက်လွှတ် အာဏာပေးထားတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် တားဆီးထားတာ စတဲ့အရေးကြီး အချက်တချို့ ပြင်ဆင်ရေးကို လွှတ်တော်မှာ ပိတ်ဆို့ထားလိုက်တဲ့အပေါ် အမတ် Mitch McConnell က - မြန်မာနိုင်ငံဟာ ကိုယ်စားပြုအစိုးရ ပိုပြီးပီသလာမယ့် လမ်းကြောင်းကနေ နောက်ကိုပြန်ဆုတ်သွားခဲ့ပြီ လို့ ဝေဖန်လိုက်ပါတယ်။

အဲ့ဒါကြောင့် ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုတဲ့ ကုန်သွယ်ရေး ထောက်ပံ့မှုအစီအစဉ်ထဲမှာ မြန်မာကို ထည့်သွင်းတာ မျိုး ပုံမှန်ဆက်ဆံရေးအဆင့်တွေကို ရွေးကောက်ပွဲပြီးတဲ့အထိ ဆိုင်းငံ့ထားသင့်တယ်လို့ ပြောဆိုပါတယ်။ ဒါ့ပြင် အခြေခံဥပဒေ မပြင်ဆင်နိုင်တာကြောင့် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှုရှိတယ် ဆိုဦးတော့ ပြည်သူ့ ဆန္ဒကို ထင်ဟပ်မှာတော့ မဟုတ်ဘူးလို့ ရီပါဘလီကင် အမတ် Mitch McConnell က ပြောပါတယ်။

ဒီအတွင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ (၈) ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။ အားလုံးပါဝင်နိုင်ပြီး ထင်သာမြင်သာရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အပါအဝင် နိုင်ငံရေးပါတီတချို့နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတချို့ အမေရိကန်အစိုးရက ထောက်ပံ့ပေးနေကြောင်း၊ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပါတီအဖွဲ့စွဲမရှိသူ လူ ငါးထောင်ကျော် ကို ရွေးကောက်ပွဲ စောင့်ကြည့်ရေး သင်တန်းတွေ ပို့ချပေးသွားမှာ ဖြစ်ကြောင်းလည်း Mark Toner က ပြောဆို ခဲ့ပါတယ်။