မီဇိုရမ်မှာ ကားမှောက်၊ ချင်းလူမျိုး ၂ ဦးသေဆုံး

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှာ ဒီကနေ့နံနက် ၁ နာရီခန့်က ညလိုင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် မှန်လုံဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ် ကုန်သွယ်ရေးစခန်း တည်ရှိရာမြို့ဖြစ်တဲ့ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ ကနေ မြို့တော် အိုင်ဇောကို ခရီးသည် ၄၀ နီးပါးခန့် တင်ဆောင်ပြီး ဇူလိုင် ၂၀ ရက်ညက ခရီးနှင်လာတဲ့ မှန်လုံ ကားတစီးဟာ ကိုက်ဖန်း (Keihfang) လို့ခေါ်တဲ့ ကျေးရွာနားက ကျောက်တူးဖော်ရေး လုပ်ငန်း ရှိရာနေရာ အရောက်မှာ အရှိုန်အဟုန်နဲ့ ပြိုကျလာတဲ့ ကျောက်တုံးကြီးတွေနဲ့ ထိမှန်ပြီး ကျောက်ကမ်းပါးထဲကို ထိုးကျသွားတာ ဖြစ်တယ်လို့ ကျန်ဖိုင်းမြို့ ရဲစခန်း တာဝန်ရှိသူတဦးက RFA ကို ပြောပါတယ်။

“ကိုက်ဖန်း quarry (ကျောက်ကျင်း) ပြိုနေတဲ့ချိန်နဲ့ သွားတိုးမိတာနေမှာ၊ ဘတ်စ်ကားက ကျောက်ကမ်းပါး ထဲကို လွင့်ကျသွားတာ ဟိုးတောင်အောက်မှာ ရှိတဲ့ ချောင်းအထိကို လိမ့်ကျသွားတာ’’

ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် သေဆုံးသူ အများစုဟာ ဒေသခံ မီဇိုး (Mizo) လူမျိုးတွေဖြစ်ကြပြီး အိန္ဒိယနိုင်ငံသား ၄ ဦး နဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့ ခရီးသည်တွေကို အိုင်ဇောလ်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါး ကုသပေးနေတယ် လို့လည်း သိရပါတယ်။

အခု ဘတ်စ်ကား တိမ်းမှောက်သွားတဲ့လမ်းဟာ အိန္ဒိ-မြန်မာအမှတ် ၂ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် အဓိက အသုံးပြုနေကြတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ ဒီလို ကားတိမ်းမှောက်မှုတွေဟာ မိုးတွင်းကာလတွေမှာ အဖြစ်များလေ့ရှိတယ် လို့လည်း သိရပါတယ်။