အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ရဲ့ ဒုတိယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
2012.12.08
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ရဲ့ ပြည်ထောင်စုအဆင့် အကြိုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပခဲ့စဉ်
Photo: RFA/Nay Myo Tun
၂ဝ၁၅ ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ အခက်အခဲတွေရှိနိုင်တာကြောင့် အခုလက်ရှိအစိုးရလက်ထက်မှာပဲ ပြည်တွင်းငြိမ်းချမ်းရေးကို ပြီးဆုံးအောင် ဖော်ဆောင်သွားချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က တက်ရောက်သတင်းယူတဲ့ မီဒီယာတွေကို ပြောကြားရာမှာ ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၁ ချက်ထဲက တဝက်လောက်ကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်ဆွေးနွေးမယ်လို့ စီစဉ်ထားပေမဲ့၊ ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေဟာ နယ်မြေခွဲခြားရေးကိစ္စတွေ စစ်ရေးကိစ္စတွေ ပါဝင်နေတဲ့အတွက် မပြီးပြတ်သေးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။









