ကိုးကန့်အဖွဲ့က ဖမ်းသွားတဲ့ ရွာသား နှစ်ဆယ်ကျော် ပြန်လွတ်မလာသေး
ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်ထဲက ရွာသား အယောက် နှစ်ဆယ်ခန့်ကို MNDAA ကိုးကန့်အဖွဲ့က ဖမ်းဆီးသွားခဲ့ရာမှာ အဖမ်းခံရသူတွေ ပြန်လည်လွတ်မြာက်ရေး အမည်စာရင်းတွေကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတွေက ကောက်ခံထားတယ်လို့ ကွမ်လုံမြို့နယ် အုပ်ချုပ်ရေးမှူး က RFA ကို ဒီနေ့ ပြောပါတယ်။
-
2019-02-06 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်ထဲက ရွာသား အယောက် နှစ်ဆယ်ခန့်ကို MNDAA ကိုးကန့်အဖွဲ့က ဖမ်းဆီးသွားခဲ့ရာမှာ အဖမ်းခံရသူတွေ ပြန်လည်လွတ်မြာက်ရေး အမည်စာရင်းတွေကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတွေက ကောက်ခံထားတယ်လို့ ကွမ်လုံမြို့နယ် အုပ်ချုပ်ရေးမှူး က RFA ကို ဒီနေ့ ပြောပါတယ်။
ကွမ်းလုံမြို့နယ်က ကျန်ကြာကျိုင်း၊ တာချောက်တီးနဲ့နမ့်ကျင်စန် ကျေးရွာက ရွာသား အယောက် နှစ်ဆယ်ခန့်ကို MNDAA ကိုးကန့်အဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဒီနေ့အထိ ပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။
လက်ရှိ အဲဒီဒေသမှာလည်း အစိုးရ တပ်မတော် တပ်မ ၉၉ တပ်ဖွဲ့တွေက နယ်မြေလုံခြုံရေး ဆောင်ရွက်နေတာရှိတယ်လို့ ကွမ်လုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအီလွယ်လှိုင်ပူးက ပြောပါတယ်။
NCA အပစ်ရပ်လက်မှတ်မထိုးထားတဲ့ ကိုးကန့်အဖွဲ့ဟာ ကျန်ကျာကျိုင်းရွာက မြောင်ဇီးတိုင်းရင်းသား ကျေးရွာသူကြီးနဲ့ ရွာသားသုံးဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သလို တာချောက်တီးရွာက လေးဦး ၊ ဖက်တူရွာက ကိုးကန့်တိုင်းရင်းသား ၉ ဦးအပါအဝင် စုစုပေါင်း ရွာသား ၁၆ ဦးကို ဇန်နဝါရီလက ခေါ်ဆောင်သွားခဲ့ရာမှာ ကျေးရွာသူကြီးနဲ့ ရွာသား ၂ ဦးကတော့ ထွက်ပြေးလာခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကွမ်လုံမြို့နယ်က ကိုးကန့် တိုင်းရင်းသားတွေနေထိုင်တဲ့ နမ့်ကျင်စန်ရွာက ရွာသား ၁၂ ဦးကို ကိုးကန့်အဖွဲ့က ထပ်မံခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအထဲက ရွာသားတစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။
ရွာသားတွေအဖမ်းခံရတာနဲ့ ပတ်သက်ပြီး ကိုးကန့်အဖွဲ့တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာက ပေးပို့လိုက်တာပါ။