စိတ်ကြွဆေးပြား သယ်ဆောင် မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကော် မရှင်အဖွဲ့ဝင် ပြော


2017.03.14
mnhrc-investigate-620.jpg မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေက ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ကို မတ်လ ၁၄ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးစဉ်
Photo: Thant Zin Oo/RFA

အင်းစိန်အကျဉ်းထောင်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်တာတွေ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က အင်းစိန်အကျဉ်းထောင်၊ ရဲစခန်းနဲ့ တရားရုံးက အချုပ်ခန်းတွေကို သွားရောက်စစ်ဆေးပြီးနောက် ပြောခဲ့တာဖြစ် ပါတယ်။

"အန်ကယ်လ်တို့ကတော့ အဓိကတော့ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ စံတွေရှိပါတယ်၊  မိသားစုထောင် ဝင်စာတွေ့ခွင့်ရဖို့ကိစ္စတွေပြောပါတယ်၊ ထောင်ဝင် စာမှာပါလာတဲ့ပစ္စည်းတွေလည်း အားလုံးပြည့်ပြည့် စုံစုံရတယ်လို့ပြောပါတယ်၊ စစ်ဆေးမှုတွေတော့လုပ်ရတာပေါ့၊ စစ်ဆေးမှုလုပ်နေတဲ့ကြားထဲက ပဲ  ထောင်ဝင်စာပစ္စည်းထဲကခေါက်ဆွဲခြောက်ထုပ်ထဲမှာ စိတ်ကြွဆေးတွေပါလာတာတော့ရှိနေဆဲပါ ပဲ၊ ထောင်သားတွေအတွက်က စည်းကမ်းဖောက် တာတွေရှိပါတယ်၊ ဒါကတော့ကြတ်ကြတ်မတ်မတ်ဆောင် ရွက်နေပါတယ်၊ ဒီထက်ပိုပြီးလွန်ကဲတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိပါဘူး"

အင်းစိန် အကျဉ်းထောင်ကို လိုက်လံစစ်ဆေးချိန်မှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးတွေကို စစ်ဆေးတာတွေ လုပ်ပေးနေကြောင်း၊ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီ ထားရှိတာတွေကို တွေ့ခဲ့ ရကြောင်း ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ဟာ အကျဉ်းသား ၅ ထောင်လောက်ကိုသာ ထိန်းသိမ်းထားလို့ရတဲ့ ထောင်ဖြစ်ပြီး အခုဆိုရင် အကျဉ်းသားဦးရေ ၁ သောင်းကျော်အထိ ရှိနေကြောင်း နဲ့ အကျဉ်းသားတွေ နေထိုင်ရတာ ကျပ်တည်းနေတာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တခြားသက်ဆိုင်ရာဌာနတွေထံ အသိပေးတင်ပြ သွားမယ်လို့လည်း ပြောပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အင်းစိန်ထောင်အပြင် ရန်ကုန်မြို့က အချုပ်ခန်း တစ်ရာကျော်ကို လိုက်လံစစ်ဆေးသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ် သံတွဲနဲ့ ကျောက်ဖြူက အကျဉ်းထောင်တွေကိုလည်း သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။