လူ့အခွင့်အရေးကော်မရှင် ရခိုင်သွားမည်

ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးအခြေအနေတွေကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေက ဒီနေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်ကြာ သွားရောက်လေ့လာသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ဒီနေ့ ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေကို စစ်ဆေးစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးအခြေအနေတွေကို  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေက ဒီနေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်ကြာ သွားရောက်လေ့လာသွားမယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ဒီနေ့ ပြောပါတယ်။

ခရီးစဉ်အတွင်း စစ်တွေ၊ ဘူးသီးတောင် နဲ့ မောင်တောတို့ကို သွားရောက်မှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

"ဒီနေ့သွားပြီးတော့ သောကြာနေ့ ပြန်လာမယ်၊ ဒီနေ့ စစ်တွေ၊ နောက်တစ်နေ့ကျ စစ်တွေထောင်တို့ ဘာတို့ပေါ့လေ၊ ဒုက္ခသည်စခန်းတွေလျှောက်ကြည့်၊ နောက်တစ်နေ့ကျ ဘူးသီးတောင်၊ မောင်တော ကနေမှ ထွက်ခွာတဲ့သူတွေကိုလည်း လိုက်ကြည့်မယ်၊ ပြန်ဝင်လာတဲ့သူတွေကိုလည်း ကြည့်မယ်၊ သူတို့ဘယ်လိုထားလဲ၊ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုအစီအစဉ်ရှိလဲ၊ အဲဒါလိုက်စုံစမ်းမှာပေါ့၊ လူ့အခွင့် အရေး အခြေအနေ တိုးတက်မှုရှိ/မရှိ ဘာညာပေါ့နော်"

ခရီးစဉ်အတွင်း တွေ့ရှိချက် အစီရင်ခံစာကို ကော်မရှင်ထံပြန်လည် တင်ပြသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေကို သွားရောက်လေ့လာပြီး အကြံပြုချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ စက်တင်ဘာလ ခရီးစဉ်အတွင်း ဟိန္ဒူဘာသာဝင် အမြောက်အမြား အသတ်ခံရတဲ့နေရာကိုလည်း သွားရောက်လေ့ လာခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်သွားမယ့်သူတွေကိုလည်း သွားရောက်တေ့ွဆုံခဲ့ပါတယ်။

အဲဒီနောက် ရခိုင်ပြည်နယ်အရေးကိစ္စ၊ စိန်ခေါ်မှုတွေနဲ့ ရှေ့အလားအလာများဆွေးနွေးပွဲကို ရန်ကုန်မြို့ မှာ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အစိုးရကဖွဲ့စည်းထား တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေး အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org