မိုးမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် ကိုးဦးသေဆုံး

RFA Burmese
2024.11.15
မိုးမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် ကိုးဦးသေဆုံး မိုးမောက်မြို့နယ် ကုန်းလောရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းအား လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေက တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာရှိတဲ့ ကုန်းလောရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲက စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ကိုးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ကုန်းလောရွာ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ညနေစောင်း လေးနာရီ ဝန်းကျင်လောက်ပေါ့ စစ်ရှောင်စခန်းက ကလေးတွေ ကစားနေတဲ့အချိန် ဖြစ်တယ်၊ စစ်ရှောင်စခန်းလည်း ထိတယ်၊ ခရစ်ယာန်ဘုရားကျောင်းလည်း ထိတယ်၊ မိသားစုတစ်စုဆိုရင် အဖေရော၊ အမေရော ကလေးတွေအားလုံး ခြောက်ယောက်ပါသွားတယ်၊ လောလောဆယ် ကနဦးရတဲ့စာရင်းအရ ကလေးတွေအပါအဝင် သေဆုံးသူ ကိုးဦး ရှိပါတယ်၊ ဒဏ်ရာရသူကတော့ ၁၁ ဦးပေါ့”

သေဆုံး ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသက်အရွယ်နဲ့ ကျား၊ မ အရေအတွက်ကိုတော့ လတ်တလော မသိရသေဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို စစ်ဘေးရှောင်စခန်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။