ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွယ်မလန်းကျေးရွာအနီးက စစ်ကောင်စီရဲ့ ခမရ ၄၃၈ နဲ့ ဒုံးတပ်ရင်း ၆၁၆ တပ်ရင်းတွေကို မတ်လ ၂၁ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"ဒီမနက် ၇ နာရီလောက်က ထိုးစစ်ဆင်တာဖြစ်ပါတယ်၊ ဒီညနေ ၅ နာရီလောက်အချိန်မှာပဲ အဲဒီ ၄၃၈ ရယ်၊ ၆၁၆ ဒုံးတပ်ရယ်၊ နှစ်ခုစလုံးကို သိမ်းလိုက်တာ ဖြစ်ပါတယ်၊ အဲဒါကို အတည်ပြုလို့ရပါတယ်"
မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်လုံးက စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ဆင်ရေးကာအတွင်း သိမ်းဆည်းထားတဲ့ စခန်း ၃၀ ကျော်ရှိပြီလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
မိုးမောက်၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား စတဲ့မြို့နယ်တွေ ပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။
တပ်ရင်းတွေသိမ်းဆည်းခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ ဖားကန့်၊ ဆွမ်ပရာဘွမ် စတဲ့မြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံ နှစ်သောင်းကျော်အထိ ရှိလာနေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။