ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်က လူငယ် ရှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ညနေပိုင်းက ကျောင်းလာကြိုတဲ့ စစ်ကောင်စီတပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း အဲဒီလူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိဆက်တိုက် နေအိမ်တွေမှာ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးကောင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဖမ်းခံရတာ ဟုတ်တယ်။ သံလွင်တည်းခိုခန်းရှေ့ ဆံပင်ညှပ်ဆိုင်က ညီအစ်ကို နှစ်ယောက်ရယ်၊ အားကစား ပစ္စည်ရောင်းတဲ့ဆိုင်က သားကြီးနဲ့ သားလေး ညီအစ်ကို နှစ်ယောက်ရယ်၊ အိုးတန်းရပ်ကွက်နဲ့ နှောင်ကိုင်တော် ရပ်ကွက်က လူငယ်တွေကို ဝင်ဖမ်းသွားတာပါ။ တပြိုက်နက်တည်း ဖမ်းတာတော့ မဟုတ်ဘူး။ အကုန်လုံးကို ကွင်းဆက်နဲ့ နာမည်နဲ့ အိမ်အတိအကျ လာရှာပြီးဖမ်းသွားတာပါ"
ဖမ်းဆီးခံထားရတဲ့ လူငယ် ရှစ်ဦးဟာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ်တွေဖြစ်ပြီး နာမည်တွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
မိသားစုဝင်တွေက မိုးကောင်းမြို့မရဲစခန်းကို သွားရောက်စုံစမ်းခဲ့ပေမယ့် ဘယ်နေရာမှာ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေတယ်ဆိုတာ မသိရဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါဘူး။
မိုးကောင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ကင်းလှည့်တာအပြင် လမ်းဆုံလမ်းခွနေရာတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၂ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂၄,၃၈၇ ဦး ဖမ်းဆီးခံထားရပါတယ်။