မိုးကုတ်မှာ ကိုယ်စားဖမ်းဆီးခံထားရတဲ့ သားအမိနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ဦးစိုးဌေးရဲ့ကိုယ်စား ဖမ်းဆီးခံထားရတဲ့ ဦးစိုးဌေးရဲ့ဇနီး ဒေါ်ကြည်ကြည်ခိုင်နဲ့ သမီးဖြစ်သူ မသိမ့်စန္ဒီစိုး တို့ကို ဇူလိုင်လ ၁၃ ရက် ဒီနေ့မှာ မိုးကုတ်မြို့နယ် အချုပ်ထောင်သီးသန့်တရားရုံးကနေ ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ဘာပုဒ်မနဲ့ စွဲဆိုပြီး ဘာကြောင့်အမိန့်ချတယ်ဆိုတာ မိသားစုဝင်တွေ မသိရသလို အခုလိုအမိန့်ချလိုက်တာ ကလည်း အမျိုးသမီးဖြစ်သူ ဒေါ်ကြည်ကြည်ခိုင်က အချုပ်ကားနဲ့ ထွက်လာချိန် ကားပေါ်ကနေ လှမ်းအော် ပြောခဲ့လို့ ပတ်ဝန်းကျင်က သိခဲ့ကြရတာလို့ ဦးစိုးဌေး က ပြောပါတယ်။

“အမိန့်ချတာကို မိသားစုဝင်တွေလည်း မသိဘူး။ ရင်းနှီးတဲ့သူတွေတွေ့တော့ ကားထဲကနေအော်သွားလို့ အခုလိုသိလိုက်ရတာ။ ဒါတွေနဲ့ပတ်သက်လို့ကတော့ သိထားရသလောက် အမျိုးသမီးနဲ့ သမီးက စစ်ကောင် စီဟာ မတရားဖမ်းဆီးခံရသူတွေကို နှိပ်စက်တာ၊ ဂုဏ်သိက္ခာမဲ့အောင် ဆက်ဆံတာတွေကြောင့် တရားရုံး ကို သပိတ်မှောက်မယ်ဆိုတာနဲ့ သူတို့အတွက် စိတ်မပူဖို့ ရင်ဆိုင်သွားမယ်ဆိုပြီးတော့ ပြောထားတာရှိ ပါတယ်”

မိုးကုတ်ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ဦးစိုးဌေးကို ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ရဲတပ်ဖွဲ့က နေအိမ်ကနေ လာရောက်ဖမ်းဆီးဖို့ကြိုးစားရာမှာ မတွေ့လို့ဆိုပြီး ဦးစိုးဌေးရဲ့ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ခိုင်နဲ့ သမီးဖြစ်သူ မသိမ့်စန္ဒီစိုး၊ လေးနှစ်အရွယ် သမီးငယ် မစုထက်ဝိုင်း တို့ ဖမ်းဆီးခံခဲ့ရတာလို့ မိသားစုဝင်တွေက ပြောထားပါတယ်။

အသက် လေးနှစ်အရွယ် သမီးငယ် စုထက်ဝိုင်းကိုတော့ ဖမ်းဆီးအပြီး အချိန် ၁၇ ရက်အကြာမှာ ပြန်လွှတ်ပေး ခဲ့ပါတယ်။

ဒီနေ့ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခိုင်နဲ့အတူ ထောင်ချခံရတဲ့ မသိမ့်စန္ဒီစိုးဟာ ဥပဒေအထူးပြုကျောင်းသူ တစ်ဦးဖြစ်တယ်လို့လည်း ဖခင်ဖြစ်သူ ဦးစိုးဌေး က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရတော့ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ မနေ့က ဇူလိုင်လ ၁၂ ရက်နေ့အထိ ၅၂၀၃ ဦး ဖမ်းဆီးခံထားရတယ် လို့ ဖော်ပြထားပါတယ်။