ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ် မြန်မာပြည်ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဆွေးနွေးလာတာကို ကြိုဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမင်က ပြောလိုက်ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ မြန်မာဘက်က စတင်ဆွေးနွေးတယ်ဆိုတာ သတင်းကောင်းပါပဲလို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာသူတွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဇွန်လ ၁၄ ရက် အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ အလုပ်ကော်မတီအဖွဲ့ ပဉ္စမအကြိမ်မြောက် ဆွေးနွေးခဲ့ကြကြောင်း၊ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး စတင်နိုင်ဖို့ မြန်မာဘက်က အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားခဲ့ကြောင်း အဗ္ဗဒူ မိုမင်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာ ရှစ်သိန်းသုံးသောင်းကျော်ရဲ့ အချက်အလက်တွေကို ပေးပို့ထားပြီးဖြစ်ပေမယ့် မြန်မာဘက်က ငါးသောင်းရှစ် ထောင်သာ စစ်ဆေးပြီးစီးတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေ ပြန်လက်ခံရေးကို မြန်မာဘက်က စောစောစတင်ဖို့လည်း တောင်းဆိုခဲ့တယ်လို့ အဗ္ဗဒူ မိုမင် က ပြောပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် နေ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၁.၂ သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာခဲ့ကြပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲအလုပ်ကော်မတီကို ၂ဝ၁၇ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ငါးနှစ်တာကြာလာတဲ့အထိ မြန်မာဘက်က ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကိုမှ ပြန်လည်လက်ခံတာ မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။