မွန်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေကို Nippon Foundation အဖွဲ့ အကူအညီပေး

မွန်ပြည်နယ်က စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးပုန်းရှောင်နေကြရတဲ့ တိုင်းရင်းသား ရွာပုံးရွာရှောင် စစ်ဘေးဒုက္ခသည်တွေ အတွက် ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး NGO အဖွဲ့တစ်ခုဖြစ်တဲ့ Nippon Foundation က လူသားခြင်းစာနာမှု အကူအညီတွေကို ဒီကနေ့ စတင်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့ ပြည်နယ်ဝန်ကြီးတွေ ရှေ့မှောက်မှာ Nippon Foundation ဥက္ကဌ Yohei Sasakawa ကနေပြီး မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ထံ ဒီကနေ့ မနက် ၉  နာရီက မော်လမြိုင်မြို့ ပြည်နယ်ခမ်းမမှာ အခမ်းအနားနဲ့တကွ ဆန်နဲ့ဆေးပစ္စည်း အကူအညီတွေ စတင်ပေးအပ်ခဲ့တာ ဖြစ်တယ်လို့  ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီနိုင်ငံခြားရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောပါတယ်။

" ဒီနေ့သူတို့ အခမ်းအနားလုပ်တယ် သူတို့ စပေးတဲ့အခမ်းအနားပေါ့နော်၊ ဒီ ကျနော်တို့ မွန်ပြည်သစ်ပါတီ ဒေသမှာရှိတဲ့ IDP စခန်းတွေကို ဆန်နဲ့ဆေး ပထမ ဦးဆုံး စပေးတာပေါ့ ဆန်ကတော့ ဒီဇင်ဘာလအတွက် အိတ် တစ်ထောင်ပေါ့နော်၊ ဒါမျိုးက လစဉ်ပေါ့၊ တစ်တင်းခွဲအိတ်တွေ အဲ့လိုအိတ်တစ်ထောင်၊ နောက် ဆေးကတော့ တိုင်းရင်းဆေးပဲ Box ၂၀၀ ပေါ့နော်၊ နောက် ဒီ နိုင်ငံခြားဆေးဝါး ထိုင်းကနေပြီးတော့ သူတို့ တင်သွင်းတယ်လေ၊ အဲ့ဒါကြတော့ သူတို့ ယူနစ်အလိုက်ပဲ ကျနော်တော့ ယူနစ်အတိအကျတော့ မသိလိုက်ဘူး၊ ထရပ်ကားတစ်စီးစာလောက်တော့ရှိမှာပေါ့ ထရပ်ကားအငယ်ပေါ့။"

ဒီအကူအညီတွေကို ညနေပိုင်းမှာ ရေးမြို့ကို သယ်ဆောင်သွားပြီဖြစ်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုဝန်ကျင်ဒေသက ခလော့ခနီစခန်း၊ ရေးချောင်းဖျားစခန်းနဲ့ ထားဝယ်ခရိုင်စခန်း သုံးခုက လူဦးရေ တစ်သောင်းငါးထောင်ခန့်ကို ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေ မပေးအပ်ခင် Nippon Foundation ဥက္ကဌ နဲ့အဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၅ ရက်နေ့က မွန်ပြည်နယ်အတွင်းက ရွာပုန်းရွာရှောင် စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး အခုလို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Nippon Foundation အနေနဲ့ တိုင်းရင်းသားဒေသက စစ်ပြေးဒုက္ခသည်တွေနဲ့ ရွာပုန်းရွာရှောင် စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီအဖွဲ့နဲ့လည်း သဘောတူညီမှု ရရှိထားပြီး လက်တလောအခြေအနေအရ မွန်ပြည်နယ်မှာ သွားလာရေးလွယ်ကူလို့  အရင်ဆုံးအကူအညီပေးတာဖြစ်ပြီး ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေကို ဆက်တိုက်ပေးသွားနိုင်ဖို့ စီစဉ်နေတယ်လို့လည်း နိုင်ဟံသာဗွန်ခိုင် က ဆက်ပြောပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ အခုလို အကူအညီတွေပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့  ရေရှည် ပြည်တွင်းစစ်ရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကသာ အဖြေမှန်ထွက်လာမှာဖြစ်တယ်လို့ နိုင်ဟံသာဗွန်ခိုင် ကပြောပါတယ်။

" အဓိကကတော့ ကျနော်တို့ ဒီနိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပြီးတော့ တကယ့်ကို စစ်မှန်တဲ့ အဖြေတွေ ထွက်လာဖို့ပဲ အဓိကပဲနော်၊ အဲ့ဒါ ဖြစ်လာမှ ရေရှည်တကယ်လည်း သွားလို့ရမှာပေါ့နော်၊ ကျနော်တို့ အကူအညီပေးတာတော့ ဟုတ်တယ် လောလောဆယ်ကတော့ ပြေလည်မယ်ပေါ့နော်၊ နိုင်ငံရေးဆွေးနွေးပွဲ မပြေလည်ဘူးဆိုရင်တော့ ရေရှည်ကတော့ မလွယ်ဘူးပေါ့နော်။"

Nippon Foundation အဖွဲ့ဟာ ၁၉ ၆၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အမေရိကန်ဒေါ်လာ သန်း ၂၀ အကူအညီပေးခဲ့ပါသေးတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org