သံဖြူဇရပ်မြို့နယ်မှာ ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ဖို့ ပြည်နယ် အစိုးရ သဘောတူ
2017.03.09
မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ Bedok Construction & Engineering Co,Ltd တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မတ်လ ၉ ရက်နေ့က မွန်ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ကျင်းပစဉ်
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနားမှာ ၅၆၀ မဂ္ဂဝပ်ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၊ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ ပါဝင်မယ့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကနဦး သဘောတူစာချုပ်ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရလာမှာဖြစ်တာကြောင့် ဒီစီမံကိန်းကို ထောက် ခံကြောင်း ပြည်နယ်အစိုးရက လက်မှတ်ရေးထိုးပေးတာဖြစ်ပြီး ကျန်တဲ့လုပ်ငန်းစဉ်တွေကို ပြည်ထောင်စုအဆင့်က စိစစ်ဆောင်ရွက်မှာဖြစ်တယ်လို့ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းထင်အောင်ဟန် က ပြောပါတယ်။
ဒီနေ့ မွန်ပြည်နယ်အစိုးရရုံးမှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ နိုင်ငံသားပိုင် Bedok construction & Engineering ကုမ္ပဏီတို့ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ စက်ရုံအလုပ်ရုံတွေပါ ပါဝင်မှာဖြစ်ပြီး ပြည်ထောင်စုအဆင့်ကို ကုမ္ပဏီက ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။
စီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ပြည်ထောင်စုအဆင့်က ခွင့်ပြုပြီးမှ သိရမှာဖြစ် ပါတယ်။
ဒီစီမံကိန်းဟာ မွန်ပြည်နယ်မှာ အစိုးရသစ်လက်ထက် ပထမဆုံး ရင်းနှီးမြံှုနှံမှုမှာ လက်မှတ်ရေးထိုးတာဖြစ်ပြီး အကောင်အထည်ဖော်မယ်ဆို ပြည်နယ်မှာ အကြီးဆုံး စီမံကိန်းဖြစ်မှာ ဖြစ်ပါတယ်။









