စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဂယက်အနေနဲ့ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသွင်းသူနည်းပြီး ထုတ်ယူသူသာ ပိုများလာတာကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး ဘဏ်လုပ်ငန်းနဲ့ ငွေသွင်း၊ ငွေထုတ် ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ အဓိကကတော့ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ငွေထုတ်ပေးနိုင်တဲ့ပမာဏ နည်းသွားတဲ့အတွက်ကြောင့်လို့ ပုဂ္ဂလိဘဏ်အရာရှိ တစ်ဦးက ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ လကျော်ကြာလာချိန်မှာ၊ ပုဂ္ဂလိကဘဏ်တွေဟာ ငွေထုတ်ယူနိုင်တဲ့ ပမာဏကို ကန့်သတ်လျှော့ချလိုက်တာကြောင့် ပြည်သူတွေအနေနဲ့ သူတို့အပ်နှံထားတဲ့ငွေတွေကို ထုတ်ယူဖို့ အခက်ကြုံလာပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က အေတီအမ် ငွေထုတ်စက်တွေကနေ တစ်နေ့ကို ငွေကျပ် ၁၀ သိန်းခန့် ထုတ်ယူနိုင်ခဲ့ပေမယ့်၊ အခုအချိန်မှာ တစ်နေ့ကို ၂ သိန်းကနေ ၃ သိန်းလောက်အထိပဲ ထုတ်ယူနိုင်ပါတော့ တယ်။
အေတီအမ် ငွေထုတ်စက်တွေမှာလည်း ငွေကိုအလုံအလောက် ထည့်မပေးတော့တာကြောင့် ပြည်သူတွေ အနေနဲ့ အဲဒီငွေ ၂ သိန်းကျပ်ကိုတောင်၊ ငွေထုတ်စက်တွေကနေ ထုတ်ယူဖို့ မဖြစ်နိုင်တော့ဘဲ ဘဏ်တွေကနေ ဆက်လုပ်ထုတ်ယူဖို့ ဘဏ်တွေရှေ့မှာ လူရာနဲ့ချီပြီး နေ့စဉ် တိုးဝှေ့စောင့်ဆိုင်းနေကြရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂ္ဂလိကဘဏ် တာဝန်ရှိသူတစ်ဦးကတော့ ဘဏ်တွေ ပုံမှန်မလည်ပတ် နိုင်တာဟာ၊ အာဏာသိမ်းမှုရဲ့ ဂယက်ကြောင့် ပြည်သူတွေဟာ အကြောက်တရားနဲ့ ဘဏ်တွေမှာ ငွေမအပ် ကြတော့ဘဲ ရှိတဲ့ငွေကြေးကို အားလုံးနီးပါး ထုတ်ယူတာကြောင့်လို့ ပြောပါတယ်။
"အကုန်လုံးက ပိုက်ဆံထုတ်တယ်ဆိုတဲ့ အခြေအနေဖြစ်သွားတာ။ ဘယ်သူမှ ဘဏ်ကို ပိုက်ဆံ သွားမအပ် ကြဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့အခြေအနေမှာ လုံခြုံရေးအရ သိန်းထောင်၊ သောင်းနဲ့ချီတဲ့ လုပ်ငန်းရှင်တွေက ဒီပိုက်ဆံကိုယူပြီး ဘဏ်မှာ သွားအပ်ဖို့ဆိုတာ သူတို့က လုံခြုံရေးအရ ပြဿနာ ရှိတာပေါ့။ အဲဒီမှာတင် ဘဏ်ထဲကိုဝင်တဲ့ ပိုက်ဆံက နည်းသွားရော။ နည်းသွားတော့ ဘဏ်မှာ ငွေစက္ကူ မရှိတော့ဘူး။ ဗဟိုဘဏ်က စစချင်းတော့ သူတို့စစ်ကောင်စီ စတက်ခါစ အာမခံတွေ ခံတာပေါ့နော်။ ဘာမှမပူနဲ့ ဗဟိုဘဏ်မှာ ငွေအလုံအလောက်ရှိတယ်ဆိုတာမျိုးပေါ့နော်။ ဒါပေမဲ့ တကယ်တမ်း ဘဏ်တွေကို ပေးတဲ့ နေ့စဉ် တစ်ခါတလေ ၃ ရက်တခါ တခါတလေ တပတ်တစ်ခါ သူတို့ပေးတဲ့ အချိုး တဖြည်းဖြည်းနည်းလာတယ်။ နည်းလာတဲ့အခါကျတော့ ဘဏ်တွေက ATM ကို သွားဖြည့်တယ်။ ဗဟိုဘဏ်က ပေးတဲ့ အချိုးက တဖြည်းဖြည်း နည်းလာတော့ ဖြည့်ရတဲ့ ATM တွေကို တဖြည်းဖြည်း လျှော့လာတယ်။ ပြီးရင်ဒီထက်ပိုဆိုးတာက limit ( ငွေထုတ်တာကို ကန့်သတ်) တာလုပ်တယ်။ အဲဒီမှာကို စမယုံတော့တာ။ ဒီလိုလုပ်လိုက်တာဟာ လူတွေကို သံသယဝင်သွားစေတယ်။ အဲမှာကို လူတွေက လုံးဝ တားလို့ဆီးလို့မရတော့ဘူး။ ဘယ်သူမှ လှုံ့ဆော်လို့ မရတော့ဘူး။ လူတွေရဲ့ အကြောက်တရားပေါ့နော်။"
ပြည်သူတွေဘက်က အပ်ထားတဲ့ငွေတွေကို ရသလောက်ထုတ်ယူပြီး ငွေကိုမအပ်ကြတော့သလို ရန်ကုန်မြို့မှာဆိုရင် အခု ၁၀ ရက်လောက်အတွင်းမှာဆိုရင် ဘဏ်မှာ ငွေလာအပ်သူ လူ ၁၀၀ မှာ ၅ ဦး လောက်သာရှိတော့တယ်လို့လည်း သူက ပြောပါတယ်။
ဘဏ်တွေရဲ့အဓိကအရေးကြီးဆုံး အချက်ဖြစ်တဲ့ ပြည်သူတွေရဲ့ယုံကြည်မှုကို တည်ဆောက်ဖို့လိုအပ်နေပြီး ဒါကိုစစ်ကောင်စီအနေနဲ့ အကြောက်တရားနဲ့ စည်းရုံးလို့မရနိုင်ဘူးလို့လည်း အဲဒီဘဏ်အရာရှိက ထောက်ပြပါတယ်။
လက်ရှိဘဏ်လုပ်ငန်း ငွေကြေးပြဿနာနဲ့ပတ်သက်ပြိး ဗဟိုဘဏ်ရဲ့တုံ့ပြန်ချက်ရနိုင်ဖို့အတွက် ဗဟိုဘဏ်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမျိုး မရှိပါဘူး။
မေလ ၇ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲမှာတော့၊ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော် က "အခုကြုံတွေ့နေရတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်သူတွေ ငွေကြေးကို ဘဏ်တွေမှာ ယုံယုံကြည်ကြည် အပ်နှံကြဖို့နဲ့ စိုးရိမ်တကြီးနဲ့ ငွေထုတ်တာတွေကို လျှော့ချဖို့" ပြောခဲ့ဖူးပါတယ်။
"ပြည်သူလူထုကနေ ဝိုင်းဝန်းပြီးတော့ ဘဏ်စနစ်တွေ လည်ပတ်လာအောင် တစ်ယောက်ချင်းစီ လုပ်နိုင်ပါတယ်။ အပ်နှံသူတွေဟာ ငွေသားကို ယုံကြည်စွာနဲ့အပ်နှံပါ။ ကျွန်တော်တို့ဘက်ကလည်း အပ်နှံမှုကို အဆင်ပြေချောမွေ့ အောင် ဘဏ်တွေကို ကြပ်မတ်ပေးသွားပါမယ်။ ငွေထုတ်ယူသူတွေလည်း မိမိလိုအပ်ချက်ရှိသလောက်ပဲ ထုတ်ပါ။ ဘဏ်စာရင်းအဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဘဏ်မှာ ဖွင့်ထားတဲ့ မည်သည့်ငွေစာရင်းမှာရှိတဲ့ ငွေတွေသည် ဆုံးရှုံးနိုင်စရာမရှိတဲ့အတွက်ကြောင့် ဒီကိစ္စတွေကို ကျွန်တော့်အနေနဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ဖို့တင်ပြလိုပါတယ်။"
ဗဟိုဘဏ်အနေနဲ့ ဘဏ်စနစ်တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကို ထုတ်ပြန်ထားတာလို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။
လက်ရှိ ငွေထုတ်ရ ခက်ခဲလွန်းနေတဲ့ ပြဿနာကို ရန်ကုန်နဲ့ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာ ကြုံတွေ့နေကြရတာပါ။
ရန်ကုန်မြို့မှာ နေထိုင်သူတစ်ဦးကတော့ ဘဏ်မှာအပ်ထားတဲ့ ကိုယ်ပိုင်ငွေတွေကို ထုတ်မရတော့တဲ့ အခြေအနေဖြစ်နေတာလို့ ဆိုပါတယ်။
"ငွေထုတ်ဖို့အတွက်ကို သွားစုံစမ်းတဲ့အခါ သူတို့က အပေါက် အကုန်ပိတ်ထားတယ်။ လုံခြုံရေးပဲ ထားတယ်။ ပိုက်ဆံထုတ်ချင်ရင် အွန်လိုင်းကနေ booking လုပ်ရတယ်တဲ့။ ငွေထုတ်ဖို့အတွက် တုံကင် ယူရတဲ့ ဖုန်းတွေကိုဆက်တာ တစ်လုံးမှဆက်မရဘူး။ ကိုယ့်ငွေကိုယ်ထည့်ပြီး ထုတ်လို့မရတဲ့ အခြေအနေ မျိုးတွေ ဖြစ်နေတယ်။ အရင်တုန်းက အကောင့်ဖွင့်တုန်းက ဘဏ်ကနေ ဘယ်လိုဝန်ဆောင်မှုတွေ ပေးပါမယ်ဆိုပြီး အခုက ၂ သိန်းထုတ်ဖို့တောင် အနိုင်နိုင်။ ATM မှာ တန်းစီလည်း လူတွေအများကြီး တန်းစီနေရတာ။ ဒီလိုကြုံတွေ့နေရတယ်။"
ဆန္ဒပြပွဲတွေမရှိတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ဘဏ်တွေကနေ ငွေ ၂ သိန်းကိုထုတ်ယူနိုင်ဖို့ ရာနဲ့ချီတဲ့ ပြည်သူတွေ ဘဏ်တွေရှေ့မှာ တိုးဝှေ့နေကြရတာကို တွေ့ရပါတယ်။
ဘဏ်စာအုပ်ထဲကနေ ငွေထုတ်ဖို့အတွက် နံပါတ်စဉ်ကို ကြိုတင်ယူရပြီး တစ်နေ့ကို လူအယောက် ၅၀ ကိုသာထုတ်ပေးတယ်လို့ CB ဘဏ်ကနေ ငွေလာထုတ်တဲ့ စစ်တွေမြို့ခံ ဦးစံရွှေကျော်က ပြောပါတယ်။
"ကျွန်တော်တို့ ထုတ်ရတဲ့ အခက်အခဲကတော့ ဘဏ်မှာရှိတဲ့ပိုက်ဆံကို သူတို့အလီလီခွဲပြီးတော့ ပေးတယ်။ လောလောဆယ် ပိုက်ဆံမရခင် ကျွန်တော်တို့ကို နံပါတ်ပေးတယ်။ နံပါတ်ယူဖို့အတွက် ဘဏ်စာအုပ်ကို သွားထပ်ရတယ်။ သွားထပ်ပြီးတော့မှ နာမည်ခေါ်ပြီး အဲဒီနံပါတ်ကို ပေးတာ။ နံပါတ်ကိုလည်း တစ်နေ့မှာ လူအယောက် ၅၀ ကိုပဲ ငွေထုတ်ပေးမယ်လို့ပြောတယ်။ အခုဆိုရင် ကျွန်တော် ၇၂ ရခဲ့တယ်။ အဲဒီလို အခက်အခဲ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နောက်ထပ်တစ်ရက် အလုပ်ပျက်တာပေါ့။"
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲ တွေ ဆက်တိုက်ပေါ်ပေါက်လာသလို ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေပါ CDM လို့ခေါ်တဲ့ အာဏာဖီဆန်လှုပ်ရှားမှု မှာ ပါဝင်လာတာကြောင့် ဘဏ်တွေကို ပိတ်ထားခဲ့ရပါတယ်။
နောက်ပိုင်းမှာ ဘဏ်အချို့က ပြန်ဖွင့်ခဲ့ကြပေမယ့် အရင်ကလို ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။
ဘဏ်တွေကနေ ငွေကိုထုတ်ယူဖို့ခက်ခဲလာတာကြောင့် ပြင်ပက ငွေကြေးလက်ဝယ်ရှိသူတွေထံမှာ ငွေကို ရာခိုင်နှုန်းတစ်ခုပေးပြီး ငွေထုတ်ယူတာတွေလည်း အခုနောက်ပိုင်း ပိုများလာတာကို တွေ့ရပါတယ်။
ရာခိုင်နှုန်းတစ်ခုခုဖြတ်ယူပြီး ငွေသားထုတ်ပေးတာတွေကို လုပ်နေတဲ့ မန္တလေးမြို့က အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြင်ပက ငွေသားလဲလှယ်မှုရဲ့ရာခိုင်နှုန်း အနည်းအများဟာ ဘဏ်တွေကနေ ငွေထုတ်ယူနိုင်မှုအပေါ်မှာ အပြောင်းအလဲတွေရှိတယ်လို့ ပြောပါတယ်။
"ကျွန်တော် MAB ကထုတ်တုန်းက KBZ မှာ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်ပဲ ဈေးပေါက်တယ်။ ကျွန်တော် ထုတ်တဲ့ MAB မှာ ၆.၈ ရာခိုင်နှုန်းနဲ့ ပေးလိုက်ရတယ်။ အခုဆိုရင် ၈.၅၊ ၁၀၊ ၁၂ ရာခိုင်နှုန်းတွေ အထိ ဈေးပေါက်နိုင်တယ်။ ဒါက အခြေအနေပေါ် မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့မှာ လည်း လုပ်ငန်းရှိတယ်။ ငွေသားနဲ့ပဲ လည်ပတ်တာဆိုတော့ ကျွန်တော့မှာ ငွေသားသက်သက်ပဲ ရှာပေးရမှာ။ အခုက ငွေတွေဟာ ဘဏ်ထဲမှာပဲရှိတယ်။ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်နဲ့ သွားမယ်ဆိုရင် အဲဒီကနေ ပေးချေရမှာ။ ဒါပေမဲ့ ငွေက ကိုယ့်ဆီကို မရောက်ဘူး၊ ထုတ်သုံးလို့မရဘူး ဖြစ်နေတယ်။ ကိုယ်ရှာသမျှ ဘာမှထုတ်မရဘဲ ဘဏ်ထဲမှာပဲရှိနေမယ်ဆိုရင် ရှာထားသမျှဟာလည်း ဘာမှကိုမထူးဘူး ဖြစ်နေတာ။"
ငွေသားလိုအပ်ချက်တွေများပြီး ဘဏ်ကငွေထုတ်ယူဖို့ ခက်ခဲတာကြောင့် မန္တလေးမြို့က အချို့ဆိုင်တွေမှာ Kpay လိုဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို လက်မခံတော့တာကို တွေ့လာရတယ်လို့ သူကပြောပါတယ်။
ရာခိုင်နှုန်းတစ်ခုယူပြီးငွေသားလဲလှယ်ပေးတာကို ခေါင်းပုံဖြတ်တယ်လို့ အများက ယူဆနေကြပေမယ့် ဒါဟာ လတ်တလောငွေသားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။
ငွေပမာဏ များများကိုင်ပြီး လည်ပတ်ရတဲ့ လုပ်ငန်းရှင်ကြီးတွေလည်း ဘဏ်ပြဿနာနဲ့ ငွေထုတ် ငွေသွင်း ပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။
တရုတ်နယ်စပ် မူဆယ်မြို့က ကုန်သည်တစ်ဦးက "လုပ်ငန်းရှင်ဆိုပြီး ဘဏ်တွေကနေ သီးသန့် ငွေထုတ် ပေးတာမျိုး မရှိဘဲ၊ အများနည်းတူ နေ့နေ့ညည တန်းမစီနိုင်တာကြောင့် တစ်ခါတစ်ရံမှာ ရာခိုင်နှုန်း ပိုပေးပြီး ပြင်ပကနေ ငွေထုတ်ယူနေရတယ်" လို့ ပြောပါတယ်။
လားရှိုးမြို့က အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်ကြီးတစ်ဦးကလည်း "ဘဏ်ထဲမှာ ငွေတွေရှိနေပေမယ့် အများနည်းတူ ထုတ်ယူလို့မရတာကြောင့်၊ အွန်လိုင်းကနေ ငွေပေးချေမှုကိုလက်ခံတဲ့ ဘဏ်တွေကနေတဆင့် ရန်ကုန်ကို ငွေလွှဲတာမျိုးလုပ်နေရတယ်" လို့ ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ စိုးထွန်း ကတော့ ဘဏ်တွေကို အချိန် ၃ လနီးပါး ပိတ်ထားခဲ့ရလို့ ငွေလိုအပ်ချက်တွေ များလာခဲ့သလို၊ ဘဏ်တွေ ပြန်ဖွင့်ချိန်မှာလည်း ငွေကိုအလွယ်တကူ မထုတ်ယူနိုင်တာကြောင့် ဘဏ်တွေအပေါ်မှာ ယုံကြည်မှုတွေ လျော့လာခဲ့ရတာလို့ ဆိုပါတယ်။
ငွေသားထုတ်ယူမှုတွေသာရှိပေမယ့်လည်း ဘဏ်တွေပြိုလဲသွားမှာ မဟုတ်ဘူးလို့လည်း ဒေါက်တာ စိုးထွန်းက သုံးသပ်ပါတယ်။
“ဘဏ်ပြိုလဲဖို့ကတော့ သိပ်မလွယ်ပါဘူး။ မြန်မာပြည်မှာ ဘဏ် ၅၀ ကျော်ရှိတာကို။ အဲဒီအထဲမှာ ၂၀ က နိုင်ငံခြားကနေ လုပ်ကိုင်ခွင့်လိုင်စင်ရထားတဲ့ ဘဏ်တွေ။ တကယ့် နိုင်ငံတကာ ဘဏ်ကြီးတွေကတော့ သေချာပေါက် မပြိုနိုင်ပါဘူး။ အစိုးရဘဏ်က လေးဘဏ်ရှိတယ်။ ဒီဘဏ်တွေလည်း ပြိုဖို့တော့ မလွယ်ဘူး။ ပုဂ္ဂလိက ဘဏ်က ၂၆ ဘဏ်ရှိတယ်။ အဲထဲမှာမှ တကယ်တမ်းတော့ တချို့ဘဏ်တွေက နာမည်တွေကိုတောင် လူမသိဘူး။ အခု ATM မှာ တန်းစီပြီး လူများနေတာက သုံးဘဏ်ပဲရှိတယ်။ ကမ္ဘောဇရယ်၊ ဧရာဝတီရယ်၊ CB ဘဏ်ရယ်။ ဒီ သုံးဘဏ်ကလည်း ကာစတန်မာ များလို့။ ကျွန်တော်တို့ မြင်တာကတော့ တစ်ယောက် နှစ်သိန်း ထုတ်ရုံနဲ့တော့ ပြိုလဲဖို့ မလွယ်ဘူး။”
ပြီးခဲ့တဲ့ ၂၀၀၃၊ ၂၀၀၄ ခုနှစ်လောက်မှာ အာရှဓနဘဏ်နဲ့ မြန်မာ မေဖလားဝါး ဘဏ်တွေ လိုင်စင်ပိတ်သိမ်း ခံခဲ့ရပေမယ့် ပြည်သူတွေရဲ့အပ်ငွေတွေကို ဖြည်းဖြည်းချင်း ပြန်ထုတ်လို့ရခဲ့တာကြောင့် ဘဏ်တွေပြိုလဲရင် တောင်မှ အပ်ထားတဲ့ငွေကြေးတွေကတော့ သေချာပေါက် ပြန်ရကြမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
အခုအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ငွေသားအနေနဲ့ ထုတ်ပေးဖို့ ဘဏ်မှာမရှိနိုင်တာကြောင့် ငွေသား စနစ်အစား ဒစ်ဂျစ်တယ်ငွေကြေးပေးချေမှုစနစ်တွေရှိလာအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အခုလက်ရှိအထိ အဲဒီလိုဖြေရှင်းနည်းမျိုးကို မတွေ့ရသေးဘူးလို့ ဒေါက်တာ စိုးထွန်းက ထောက်ပြ ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက သူတို့ကိုဆန့်ကျင်တာတွေကို ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးမှာ မိုဘိုင်းအင်တာနက်လိုင်းတွေကို ပိတ်ခဲ့တဲ့ အကျိူးဆက်ဟာ အွန်လိုင်းငွေကြေးစနစ်တွေကိုပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်စေခဲ့ပါတယ်။
ပြည်သူတွေဟာ မိုဘိုင်းအင်တာနက်နဲ့အသုံးပြုရတဲ့ အွန်လိုင်းငွေကြေးစနစ်ကို မသုံးနိုင်တော့တာကြောင့် ဘဏ်တွေထဲက သူတို့ရဲ့အပ်ငွေတွေအပေါ် ပိုပြီးတော့ စိုးရိမ်လာခဲ့ကြတယ်လို့ လေ့လာသူအချို့က ထောက်ပြကြပါတယ်။
ဧပြီလ ၂၈ ရက်နေ့က မိုဘိုင်းအင်တာနက်နဲ့အသုံးပြုရတဲ့ အွန်လိုင်းငွေကြေးစနစ်တွေကို စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေးခဲ့ပေမယ့် ပြည်သူတွေရဲ့စိုးရိမ်မှုကိုတော့ လျှော့ချပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် ကတော့၊ လက်ရှိ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဘဏ်နဲ့ ငွေကြေးပြဿနာဟာ အာဏာသိမ်း စစ်ကောင်စီ အပေါ် ပြည်သူလူထုက ယုံကြည်မှု လုံးဝ မရှိတာကြောင့် ဖြစ်တာလို့ ထောက်ပြဝေဖန်သွားပါတယ်။
“အဓိကပြဿနာက စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးချိန်မှာ သူတို့ရဲ့ဆောင်ရွက်ချက်တွေကြောင့် ပေါ့လေ၊ ပြည်သူလူထုက ဘဏ်တွေအပေါ်မှာထားတဲ့ ယုံကြည်မှု ပျက်ပြားသွားတာပဲဗျ၊ ဒီလိုယုံကြည်မှု ပျက်ပြားသွားစေတဲ့ အဓိက တရားခံကတော့ စစ်ကောင်စီပဲ ဖြစ်ပါတယ်၊ အခု ဘဏ်တွေကနေ မက်လုံးပေးပြီးတော့ ခေါ်နေတာတွေ ရှိပါတယ်၊ Special Account လို့လည်း ခေါ်တယ်၊ Flexible Account လို့လည်း ခေါ်တယ်၊ လာအပ်ကြပါ၊ ဒီအကောင့်ထဲထည့်ထားတဲ့ပိုက်ဆံကို အတိုးပေးပါ့မယ်၊ ရက်နဲ့တွက်ပြီး ပေးပါ့မယ်၊ တချို့လည်း ၆% ပေးတယ်၊ တချို့လည်း ၈% ပေးမယ် အပြိုင်အဆိုင် ဖိတ်ခေါ်နေကြတယ်၊ သူတို့က လက်ထဲမှာ ငွေသားမရှိတော့တဲ့အခါကျတော့ ဒါတွေကတော့ အပြိုင်အဆိုင် တစ်ဘဏ်နဲ့တစ်ဘဏ် ဖိတ်ခေါ်နေမှာပဲ၊ ဒါပေမဲ့ ပြည်သူက ရှေ့မှာ သူတို့ယုံကြည်စွာ အပ်နှံထားတဲ့ ပိုက်ဆံတွေတောင် သူတို့ ထုတ်လို့မရဘူး၊ ခုတခါ စစ်ကောင်စီရဲ့ လက်ပါးစေ ဗဟိုဘဏ်က ညွှန်ကြား လို့ဆိုပြီး ပြည်သူက ဒီတစ်ခေါက်ယုံကြည်ပြီး သွားအပ်လိုက်ပြီဆိုပါစို့၊ ဗဟိုဘဏ်က ထုတ်မပေးတော့ ပါဘူးဆိုပြီး ကြေညာလိုက်ရင် ဘယ်လိုလုပ်မလဲ၊ ဘယ်သူတာဝန်ယူမလဲ။”
မြန်မာနိုင်ငံမှာ ဘဏ်တွေကနေ ငွေထုတ်ယူဖို့ခက်ခဲလာတာအပြင် တစ်ဘက်မှာလည်း ငွေကြေးတန်ဖိုးတွေ လျော့ကျလာတာကြောင့် အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်းမြင့်မှုတွေနဲ့လည်း ကြုံတွေ့လာရပါတယ်။
ဗဟိုဘဏ်ရဲ့ညွှန်းကိန်းတွေအရ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၀ သာရှိခဲ့ပေမယ့် ဒီနေ့ မေလ ၁၂ ရက်မှာတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၆၁၈ ကျပ်အထိ မြင့်တက်နေပါတယ်။
အခုနောက်ဆုံးရရှိတဲ့သတင်းအရ နိုင်ငံတော်ဗဟိုဘဏ်ကြီးကနေ အမေရိကန် ဒေါ်လာ ၆ သန်းကို ဒီကနေ့ မေလ ၁၂ ရက်နေ့မှာ စျေးပြိုင်လေလံစနစ်နဲ့ ရောင်းချခဲ့ကြောင်း၊ ငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ၁၆၅၀.၆ ကျပ်ဖြစ်ကြောင်း ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။