ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူတွေ အားလုံးက ပါဝင်မှအောင်မြင်နိုင်မယ်လို့ မွန်ဂိုလီးယားသမ္မတ Tsakhia Elbegdorj က ဒီကနေ့ ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာကျင်းပတဲ့ မွန်ဂိုလီးယားသမ္မတ နဲ့ နိုင်ငံ့ဝန်ထမ်းတွေ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မကွေး တက္ကသိုလ်ကထိက ဒေါ်စန်းမို့မို့က ပြောပါတယ်။
"သူပြောသွားတဲ့အထဲမှာ ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အကုန်လုံးတာဝန်ယူပြီးတော့ ပါဝင်ဆောင်ရွက်မှ ဒီစနစ်က အောင်မြင်မယ်လို့ပြောတယ်၊ ပွင့်လင်းမြင်သာမှုပေါ့ ပြည်သူအားလုံးကို ဒီအလုပ်တွေလုပ်နေပြီဆိုရင် ဘာလုပ်နေတယ်ဆိုတာ ချပြရမယ်၊ ပြည်သူလူထုရဲ့အသံကို နားထောင်ပြီးတော့မှ ဆက်လုပ်ခြင်းအားဖြင့် ပိုပြီးတော့ အဆင်ပြေချောမွေ့လိမ့်မယ်လို့ ထင်ပါတယ်ရှင့်၊ တချို့အရာတွေကျတော့ ပြည်သူလူထု မသိလိုက်တာတွေ အရင်တုန်းကရှိခဲ့တယ်လေ"
မွန်ဂိုလီယားသမ္မတက ဒီမိုကရေစီအစိုးရမှာ လာဘ်စားမှုကင်းတဲ့၊ သန့်ရှင်းတဲ့၊ ပွင့်လင်းတဲ့ အစိုးရဖြစ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
နှစ်နိုင်ငံ သံတမန် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ရောက်ရှိနေတဲ့ မွန်ဂိုလီယားသမ္မတဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် မွန်ဂိုလီယား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေဟာလည်း နှစ်နိုင်ငံ ကုန်သွယ်ရေးပိုင်းဆိုင်ရာတွေကိုလည်း မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
ဒီနေ့အခမ်းအနားကို နေပြည်တော်နဲ့ အခြားဒေသတွေက နိုင်ငံဝန်ထမ်းပေါင်း ၇၀၀ နီးပါးတက်ရောက်ခဲ့ပါတယ်။
