သယံဇာတတွေ ကုန်ကြမ်းအဖြစ် မရောင်းဖို့ မွန်ဂိုသမ္မတ အကြံပေး

မြန်မာနိုင်ငံက သတ္တုသယံဇာတတွေကို ကုန်ကြမ်းအဖြစ် ပြည်ပကို တင်ပို့ရောင်းချနေတာဟာ တိုင်းပြည်အတွက် အကျိုးမရှိကြောင်း မွန်ဂိုလီးယားသမ္မတ H.E Mr.ELBEGDORJ Tsakhia က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က Lake Garden ဟိုတယ်မှာ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် မွန်ဂိုလီးယားနိုင်ငံရဲ့ သတ္တုတွင်းလုပ်ငန်း အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

"ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချရာမှာ အကြမ်းထည်တင်ပို့တာဟာ မိမိတို့ တိုင်းပြည်အတွက် မကောင်းပါဘူး၊ မွန်ဂိုလီးယားမှာဆိုရင် အဲ့ဒီလို အကြမ်းထည်တင်ပို့တာကို မလုပ်ပါဘူး၊ ပြည်တွင်းမှာပဲ အချောထည် အဆင့်ရောက်အောင် လုပ်ပါတယ် ပြီးမှ တင်ပို့ရောင်းချပါတယ်၊ မွန်ဂိုလီးယား သတ္တုတွင်းလုပ်ငန်းတွေမှာလည်း အကြမ်းထည်တင်ပို့တယ်ဆိုတာ မရှိပါဘူး"လို့ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဦးတည်းပိုင်ကုမ္ပဏီတွေကို အများပိုင်လုပ်ပစ်ဖို့ လိုအပ်ကြောင်းနဲ့ အဲဒီလိုလုပ်မှသာ စတော့အိတ်ချိန်းမှာ ဝင်ရောက်ခွင့်ရှိလာမှာဖြစ်ပြီး အများပြည်သူ ကို ရှယ်ယာတွေ ရောင်းချပေးရမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

မွန်ဂိုလီးယားနိုင်ငံသမ္မတ Tsakhiagiin Elbegdorj ဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ဖို့နဲ့ မွန်ဂိုလီးယားနိုင် ငံမှာ ကျင်းပမယ့် ၁၁ ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က တွေ့ဆုံမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။