မြောက်ဦးက ရှေးဟောင်းစေတီအနီး လက်နက်ကြီးကျရောက်

0:00 / 0:00

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီဇင်ဘာ ၁၂ ရက် မနေ့ညကတည်းက တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့ မနက်ကဆိုရင် မြို့ရဲ့မြောက်ဘက်အရပ်မှာရှိတဲ့ ရှေးဟောင်း သင်းကျပ်တောင် ဘုရားစေတီ အနီးကို လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

မြောက်ဦးမြို့ လက်ဆယ်ကန်လို့ခေါ်တဲ့ ရေကန်အနီးကနေ သင်းကျပ်တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တာဖြစ်ပြီး အနည်းဆုံး ၆ လုံးထက် မနည်းကျရောက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မြောက်ဦးမြို့ကို ရေပေးဝေတဲ့ လက်ဆယ်ကန် တောင်ဘက် တစ်မိုင်ကျော်ခန့်မှာ တပ်မတော် အမြှောက်တပ် ရှိတယ်လို့ သိရပါတယ်။ တပ်မတော်က အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် လူတွေကြောက်လန့် နေပြီး မြို့ပေါ်မှာလည်း ဈေးဆိုင်တွေနဲ့ စာသင်ကျောင်းတချို့လည်း ပိတ်ထားရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မြောက်ဦးဒေသခံ တစ်ဦးက ပြောပါတယ်။

"၃၇၈ တပ်ရင်းကနေ မြောက်ဦးမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ၆ မိုင်လောက်ရှိတဲ့နေရာကို လှမ်းပစ်တယ်လို့ ပြောတာပဲ။ ဒီအသံက တစ်မြို့လုံး တုန်ခါသွားတဲ့အတွက် ကျောင်းတို့ ဈေးတို့က အမြှောက်ပစ်တဲ့ အသံ တွေကြောင့် လူတွေကကြောက်လန့်ပြီး တချို့ဈေးဆိုင်တွေ ပိတ်ကြတယ်။ ၈၀ ရာခိုင်နှုန်းလောက်တော့ ပိတ်သွားကြတယ်။ ကျောင်းတွေဆိုရင်လည်း မိဘတွေက စိုးရိမ်ပြီးတော့ သွားခေါ်ကြတယ်ဆိုတော့ ဆရာမ တွေလည်းကြောက်ပြီး ကျောင်းပိတ်ကြတယ်။ NGO ရုံးတွေလည်း ကြောက်လန့်ပြီး ပိတ်သွားကြတယ်။ အခုလည်း ၄ နာရီကျော် လောက်ကနေစပြီး ပစ်နေပြီ"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်က ဘုရား၊ စေတီတွေကို ပစ်မှတ်ထား ပစ်ခတ်တာမဟုတ်ဘဲ AA တပ်ဖွဲ့ ရှိနေတဲ့ သင်းကျပ်တောင်ကို နယ်မြေရှင်းလင်းဖို့ ဦးတည် ပစ်ခတ်တာ လို့ပြောပါတယ်။

"ကျွန်တော်တို့ကတော့ သင်းကျပ်တောင်ကို နယ်မြေရှင်းတာပေါ့။ AA ကနေပြီး သင်းကျပ်တောင် ဘုရားကုန်းကနေပြီး တပ်ကိုပစ်တာ။ အခုအချိန်ထိလည်း တိုက်ပွဲဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ ပစ်တာက သင်းကျပ်တောင်ကို ပစ်တာမဟုတ်ဘူး။ AA ရှိတဲ့ နေရာကိုပစ်တာ။ အဲဒီသင်းကျပ်တောင် ဘုရားကုန်းကို မပစ်စေချင်ဘူးဆိုရင် AA က အဲဒီနေရာကို လာပြီးတော့ နေရာမယူနဲ့"

ပြီးခဲ့တဲ့ ရက်တွေက အဲဒီ သင်းကျပ်တောင်ခြေရင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ပစ်ခတ်မှုတွေမှာတော့ လူထိခိုက်သေဆုံးတာ မရှိသေးဘူးလို့ ပြောကြပါတယ်။ ဒီလဆန်း လောက်ကတော့ မြောက်ဦးမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ အလယ်ဈေးရပ်ကွက်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေးငယ် နှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတဲ့အပြင် ထိခိုက်ဒဏ်ရာရသူ လေးဦးလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းမှာလည်း မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့လို့ အရပ်သားသေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဒီလိုတိုက်ပွဲ ပြင်းထန်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ် မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဒီနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ရှေးဟောင်း သင်းကျပ်တောင်စေတီနဲ့ မြောက်ဦးမြို့ဟာ ၅ မိုင်ခန့် ကွာဝေးပါတယ်။

သင်းကျပ်တောင် အောက်မှာရှိတဲ့ ပေါက်တောပြင်ကျေးရွာဟာဆိုရင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး အခုလို မကြာခဏ တိုက်ပွဲ ဖြစ်နေတာကြောင့် ရွာခံတွေဟာ နီးစပ်ရာကျေးရွာတွေ၊ မြောက်ဦးမြို့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံ နေကြရတဲ့အတွက် အခုဆိုရင် ပေါက်တောပြင်ရွာမှာ လူတစ်ယောက်မှ မကျန်တော့ဘူးလို့ မြောက်ဦးမြီု့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေအတွင်းမှာ အခုလို ပစ်ခတ်နေတာဟာ ရှေးဟောင်း အဆောက်အဦးတွေ ထိခိုက်နိုင်တာကြောင့် ဘုရားစေတီအနီးမှာ ပစ်ခတ်မှုတွေ မလုပ်သင့်ဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။

"မြောက်ဦးက ယူနက်စကိုဝင်ဖို့ ကြိုးစားနေတဲ့ မြို့ဖြစ်တယ်။ ဒီလို ဘုရားပုထိုးစေတီအနီးမှာ ပစ်ခတ်မှုတွေ၊ အမြှောက်ကြီး အမြှောက်ငယ်တွေ ထိုင်ပြီးပစ်ခတ်တာတွေ မလုပ်သင့်ဘူးလို့ ထင်တယ်။"

ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့က ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာ့အမွေအနှစ်စာရင်း ယူနက်စကို ဝင်နိုင်ဖို့ အဆိုပြုမူကြမ်း တင်သွင်းထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့အခုလိုတိုက်ပွဲတွေ ဖြစ်ပွား နေတာကြောင့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦးတွေ ပျက်ဆီးပြီး ကမ္ဘာ့အမွေအနှစ်စာရင်း မဝင်မှာကို ရှေးဟောင်း သုတေသနပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

ယူနက်စကို တာဝန်ရှိသူတွေဟာ လာမယ့် ၂၀၂၀ သြဂုတ်လမှာ မြောက်ဦးကို လာရောက်ပြီး ရှေးဟောင်း အမွေအနှစ်တွေကို စစ်ဆေးဖို့ ရှိနေပါတယ်။

လက်ရှိအခြေအနေအရ နယ်မြေမငြိမ်းချမ်းတဲ့အတွက် ခက်ခဲတဲ့ အခြေအနေဖြစ်နေတယ်လို့ ရှေးဟောင်း သုတေသနပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

"အမွေအနှစ်ကို ကိုယ်တိုင်ကလည်း စောင့်ရှောက်ရတယ်။ ကမ္ဘာ့အမွေအနှစ်ကို လိုချင်တယ်ဆိုတာကလည်း အမြင့်ဆုံး ကာကွယ်မှုကိုလိုချင်လို့။ ဘယ်လောက်ထိတောင် အမြင့်ဆုံးလဲဆိုရင် နိုင်ငံတကာမှာ စစ်ဖြစ်ရင်တောင် ဒီနေရာမှာ စစ်ဖြစ်လို့မရဘူး။ ဒီလိုနေရာမျိုးမှာ ကိုယ့်ပြည်တွင်းမှာ အချင်းချင်းထိတွေ့မှုတွေ ဖြစ်နေတဲ့အခါ ကမ္ဘာ့အမွေအနှစ်ကို ရဖို့က တော်တော်လေးကိုခက်ခက်ခဲခဲဖြစ်နေတဲ့ အခြေအနေကို စိတ်မကောင်းစရာအနေနဲ့ တွေ့နေရတာပေါ့။ "

မြောက်ဦးမြို့နယ်မှာ အခုလို တိုက်ပွဲပြင်းထန်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား သေဆုံးတာတွေရှိလို့ စိုးရိမ်ရသလို တဖက်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ လောက်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းနယ်မြေက ဗိသုကာလက်ရာတွေ ပျက်စီးမှာကိုလည်း ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။