အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ

2021-02-06
Share
အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ မွန်ညီညွတ်ရေးပါတီ (MUP) မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ ကတိကဝတ်ပြု တွေ့ဆုံပွဲကို မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်စဉ်။
Photo: MUP via Facebook

စစ်အစိုးရက အသစ်ဖွဲ့စည်းထားတဲ့ "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ" မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီ MUP က လက်ခံလိုက်ပါတယ်။

ဒီကနေ့ ပါတီတွင်း ပါတီ ဗဟို အလုပ်မှုဆောင် အရေးပေါ်အစည်းအ‌ဝေးခေါ်ပြီး စစ်တပ်ရဲ့ ကမ်းလှမ်းချက်ကို သဘောတူကြောင်း ဆုံးဖြတ်လိုက်ကြတာပါ။

ပြည်ထောင်စုအဆင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီက ‌ဒေါက်တာဗညားအောင်မိုးကို တာဝန်ပေးလိုက်တယ်လို့ အတွင်းရေးမှူး နိုင်လယိတမက ပြောပါတယ်။

"ကျွန်တော်တို့ သမိုင်းအတွေ့အကြုံအရ ကျွန်တော်တို့ ပြီးခဲ့တဲ့ သမိုင်းမှာ အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းမှာ သွေးမြေကျခဲ့တယ်။ ပြည်သူတွေ ဒုက္ခရောက်ခဲ့တယ်။ အဲဒီတော့ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းက ကျွန်တော်တို့က အဲဒီနည်းနဲ့ နိုင်ငံရေးပြသနာကို အဖြေရှာလို့ မရဘူး။ အဲ့ဒီလိုထိပ်တိုက် အဖြေရှာလို့ မရတဲ့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လိုတယ်လို့ အဲဒီလို သုံးသပ် စဉ်းစားတယ်"

"နောက်တစ်ခု ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပါတီရဲ့ နိုင်ငံရေးမူဝါဒ၊ မျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေးစားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဆွေး‌နွေးအဖြေရှာဖို့လိုအပ်တယ်။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပေးထားချက်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ခံစားနိုင်ဖို့က ထိပ်တိုက်သွေးယိုတဲ့ လမ်းကြောင်းကို မသွားဘဲနဲ့ ဆွေ‌နွေးညှိနှိုင်းတဲ့ အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာတဲ့ လမ်းကြောင်းကို ရှာတဲ့အတွက် အဲဒီ နိုင်ငံတော် စီမံအုပ်ချုပ်ရေး‌ ကောင်စီကို ကျွန်တော်တို့ ကိုယ်စားလှယ်အဖြစ် စေလွှတ်ဖို့ ပါတီရဲ့ ဗဟိုကော်မတီဝင်တွေ အားလုံးက သဘောတူခဲ့တယ်"

… လို့ နိုင်လယိတမက ပြောပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ အပေါ်မှာ နှစ်ဖက်အပြန်အလှန်ညှိနှိုင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို အားနည်းခဲ့တဲ့အတွက် မွန်ညီညွှတ်ရေးပါတီအနေနဲ့ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပေါ်မှာ စစ်အစိုးရနဲ့ အခြားသော နိုင်ငံရေးပါတီတွေက ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဆောင်ရွက်သွားဖို့ မွန်ညီညွှတ်ရေးပါတီက တိုက်တွန်းလိုက်ပါတယ်။

"နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ"ကို စစ်အာဏာသိမ်းပြီး နောက်တစ်ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌ တာဝန်ယူပြီး ဖွဲ့စည်းခဲ့တာပါ။

ဒီကောင်စီမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ စတဲ့ပါတီတွေက ခေါင်းဆောင်ပိုင်းတချို့ကိုလည်း ထည့်သွင်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့