မူဆယ်မြို့နယ်တိုက်ပွဲ အရပ်သားတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း သြဂုတ် ၂ ရက်နေ့ မနေ့က စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ တိုက်ပွဲအတွင်း ၁၂ ဘီး ကား မောင်းသူတစ်ဦး သေဆုံးခဲ့ပြီး သံဃာတစ်ပါးနဲ့ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က စယ်လန့်ရွာအနီး တိုက်ပွဲပြင်းထန်နေချိန်မှာပဲ မူဆယ်မြို့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်၊ နမ့်အွမ်ရွာ ပြည်ထောင်စုလမ်းပိုင်းတစ်လျှောက်မှာပါ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ တွေ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် မိုင်းယု ၁၀၅ မိုင်ရွာ နယ်မြေ ၅ အတွင်းက နေအိမ်တစ်လုံးမှာ RPG ကျည် တစ်လုံး ကျခဲ့လို့ နေအိမ်မှာ နေထိုင်နေတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အလားတူ မူဆယ်နဲ့ ၁၀၅ မိုင် လမ်းပိုင်း တုန်ခမ်ရွာအနီးမှာလည်း လက်နက်ကျည်ကြောင့် သံဃာတစ်ပါးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် မူဆယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဒါ့အပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အထွက်က ကောင်းဝှက်ရွာအနီးမှာ အသက် ၂၂ နှစ် အရွယ် ၁၂ ဘီး ကုန်တင်ယာဉ်မောင်းအမျိုးသားတစ်ဦး လက်နက်ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရလို့ ဒီနေ့မှာပဲ မူဆယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သေဆုံးသူကို ဆေးရုံ ကူညီပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာ ရထားတာတော့များတယ်။ လက်နက်ထိမှန်ဒဏ်ရာဆိုတာကတော့ သေချာ တယ်။ ဘယ်လို ဖြစ်ခဲ့တာလဲတော့ မသိဘူးပေါ့နော်။ ၁၂ ဘီးကားမောင်းတဲ့ ကားဆရာ၊ လားရှိုးကလို့ သိရပါတယ်”

အရပ်သားတွေ ထိခိုက်ခဲ့တဲ့ လက်နက်ကျည်ဟာ ဘယ်အဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကျည် ဆိုတာကိုတော့ မသိရသေးပါဘူး။

မူဆယ် မြို့နယ် နမ့်အွမ်ကျေးရွာအတွင်းမှာတော့ မနေ့က လက်နက်ကြီးကျည် ရှစ်လုံး ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအချို့ နမ့်အွမ်ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းမှာ သွားရောက်ခိုလှုံခဲ့ကြရပြီး ဒီနေ့မနက်မှာတော့ နေရပ်ပြန်သွားကြပြီလို့ နမ့်အွမ်ကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အလားတူ မူဆယ်-နမ့်ခမ်း လမ်းပိုင်း စယ်လန့်ကျေးရွာအနီးမှာလည်း သြဂုတ်လ ၂ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ထပ်မံ ပြင်းထန်ခဲ့တာကြောင့် စယ်လန့်၊ မန်ထန့်၊ နမ့်ကတ်၊ မိုင်းဆတ် စတဲ့ ကျေးရွာတွေကနေ ထွက်ပြေးနေရတဲ့ အရပ်သား နှစ်ထောင်ဝန်းကျင်အထိ ရှိလာနေပြီလို့ အမည်မဖော်လိုတဲ့ နမ့်ကတ်ကျေးရွာ အမျိုးသားတစ်ဦးက RFA ကို ပြောပါ တယ်။

“မနေ့က မနက်ကတည်းက တိုက်ပွဲပြန်ဖြစ်တာ တစ်နေကုန်ပဲပေါ့နော်။ အရင်က စယ်လန့်ရွာက မရှောင်ဘဲနေတာ အခုတော့ ရှောင်နေကြရပြီ၊ အခုဆို ပြေးရတဲ့သူက ၂၀၀၀ လောက်ရှိပြီ။ ဒီမနက်တော့ နည်းနည်းငြိမ်နေတယ်”

ဒေသခံတွေဟာ မူဆယ်၊ နမ့်ခမ်းနဲ့ နီးစပ်ရာကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေ၊ ဆွေမျိုးအိမ်တွေကို ပြေးနေကြရတာလို့ ဒေသခံက ပြောပါတယ်။ ဒီမနက်အထိ ရွှေ့ပြောင်း နေသူတွေ ရှိနေသေးတယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့နယ်အတွင်းက စယ်လန့်ရွာ၊ နမ့်အွမ်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ က စပြီး သြဂုတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ ကြား တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်နေတာပါ။

ဇူလိုင်လ ၂၅ ရက်နေ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကြောင့် ဆိုက်ခေါင်ရွာက အသက် ၄၀အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး တီးမားရွာက အသက် ၂၅ နှစ်အရွယ် တူးဂျာနဲ့ အသက် ၂၇ နှစ်အရွယ် ဘရန်အောင်ဆိုတဲ့ ကချင်လူငယ် နှစ်ဦးလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေး ပါဘူး။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သြဂုတ်လ ၂ ရက်နေ့ မနေ့က ထုတ်ပြန်ချက်မှာတော့ မူဆယ်မြို့၊ စယ်လန့် ကျေးရွာအုပ်စု နာထန်နဲ့ ဂေါင်ရာကျေးရွာ အနီးမှာ စစ်ကောင်စီ ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခလရ (၂၆၁)တပ်ဖွဲ့၊ ပြည်သူ့စစ်ပူးပေါင်း အဖွဲ့တွေနဲ့ TNLA တပ်ဖွဲ့ကြား မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လားရှိုးမြို့နယ် တောင့်တလောင် ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ် အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။