မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်အတွင်းမှာ သြဂုတ်လ ၉ ရက် မနေ့ညနေပိုင်းက မိုးကြီးပြီး နမ့်ပေါ်ချောင်း ရေလျှံတာကြောင့် မူဆယ်-နမ့်ခမ်း လမ်းပိုင်းမှာရှိတဲ့ ပန်ခမ်း၊ တိန်းလုံ၊ နောင်ရန်း၊ နောင်မော် စတဲ့ ကျေးရွာတွေက နေအိမ် လေးရာနီးပါး ရေနစ်မြုပ်နေတယ်လို့ ပန်ခမ်းကျေးရွာခံ ကိုစိုင်းက RFA ကို ပြောပါတယ်။
တောင်ကျရေကြောင့် ညနေပိုင်း လေးနာရီလောက်က ချောင်းရေစတက်လာပြီး ကျေးရွာနေအိမ်တွေထဲအထိ ရေတွေ ဝင်ရောက်ခဲ့တာလို့လည်း ကိုစိုင်းက ပြောပါတယ်။
“မိုးတအားရွာတော့ တောင်ကျရေက နမ့်ပေါ်ချောင်းထဲကို စီးဝင်တယ်လေ။ အဲဒီကနေ ရေက တက်လာတာ။ လယ်ကွင်းတွေဘက်ကနေ အရင်ဝင်လာတာ။ လမ်းအောက်ဘက် က အိမ်တွေ အကုန်လုံးနီးပါးပဲ ရေဝင်ကုန်တာ၊ စာသင်ကျောင်းတွေရောပါတယ်”
အိမ်ခြေ ၁၅၀ ကျော် ရှိတဲ့ ပန်ခမ်းရွာမှာဆိုရင် အိမ် ခြေ ၁၂၀ လောက် ရေနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပန်ခမ်းနဲ့အနီးအနား တိန်းလုံရွာမှာလည်း အိမ်ခြေတစ်ရာ ဝန်းကျင်၊ နောင်ရန်းရွာမှာလည်း အိမ်ခြေတစ်ရာဝန်းကျင်နဲ့ နောင်မော်ရွာမှာတော့ အိမ်ခြေ ခုနစ်ဆယ်လောက် ရေနစ်မြုပ် ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ပန်ခမ်းရွာနဲ့ တိန်းလုံရွာမှာ ရေအနည်းငယ် ပြန်ကျပေမယ့် နောင်မော်နဲ့ နောင်ရန်းရွာအတွင်းပိုင်းမှာတော့ ရေနစ်မြုပ်နေဆဲပဲလို့ ဒေသခံက ပြောပါတယ်။
ရေဘေးသင့်ခဲ့တဲ့ မိသားစုတွေကိုတော့ မူဆယ်မြို့နဲ့ နီးစပ်ရာ မိသားနေအိမ်တွေမှာ နေရာချပေးခဲ့ရပြီး ဒီမနက် ရေကျသွားတဲ့ ပန်ခမ်းရွာမှာတော့ ဒီမနက် စစ်ကောင်စီ လက်အောက်ခံ မီးသတ်ဌာနနဲ့ ကျေးရွာ လူငယ်တွေ စုပေါင်းပြီး သန့်ရှင်းရေးတွေ ပြုလုပ်ပေးနေတယ်လို့ မူဆယ် ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီကျေးရွာတွေဟာ မိုးစပါးကို အဓိက စိုက်ပျိုးကြတာဖြစ်ပြီး လက်ရှိရေကြီးမှုကြောင့် မိုးစပါး စိုက်ဧက သုံးရာကျော် ရေနစ်မြုပ် ဆုံရှုံးမယ့်အခြအနေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကလည်း နမ့်ပေါ်ချောင်းရေကြီးလို့ အခုလို ကျေးရွာအချို့ ရေနစ်မြုပ်ခဲ့တာရှိပေမယ့် ဒီတစ်ကြိမ်က အဆိုးဆုံးပဲလို့ ကျေးရွာဒေသခံအချို့က ပြောပါတယ်။